Home
မြန်မာသတင်း
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဝင်ရောက်ဖမ်းဆီးနိုင်မည့် လောင်းကစားဥပဒေကြမ်း တင်သွင်း  
အောင်ဆန်းဦး
·
August 21, 2018
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်  ဝင်ရောက်ဖမ်းဆီးနိုင်မယ့် လောင်းကစား ဥပဒေကြမ်းကို သြဂုတ် ၂၁ ရက် ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကနေ တင်သွင်းလိုက်ပါတယ်။ အခန်း ၆ ခန်းပါဝင်ရေးဆွဲထားတဲ့ ၂၀၁၈ ခုနှစ် လောင်းကစား ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီက ကြိုတင်လေ့စာထားပြီး လေ့လာတွေ့ရှိချက် အစီရင်ခံစာ တစောင်လည်း တင်သွင်းထားပါတယ်။ ဥပဒေကြမ်းပါဖော်ပြချက်အရ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေခြင်း ခေါင်းစဉ် အောက်မှာ ရပ်ကွက်၊ ကျေးရွာအတွင်းက အိမ်အတွင်းမှာ လောင်းကစားပြုလုပ်နေကြောင်း ယုံကြည်လောက်တဲ့ သတင်းရရှိရင်၊ သက်ဆိုင်ရာ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေက ဝင်ရောက်ဖမ်းဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မိမိတို့ အုပ်ချုပ်နေတဲ့ ကျေးရွာ၊ ရပ်ကွက်အတွင်းက နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးဖို့အတွက် ရာအိမ်မှူးအဆင့်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ပေး ပိုင်ခွင့်ရှိသလို ဖမ်းဝရမ်းထုတ်ပေးခံရသူအနေနဲ့ နှစ် ပတ်အတွင်း ဝင်ရောက် ဖမ်းဆီးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတ်မှတ်ချက်တွေအပေါ်မှာ ဥပဒေကြမ်းတင်သွင်းတဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကောမတီတို့က တညီတညွတ်တည်း သဘောတူ ထားပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှုတွေကို လုပ်ပိုင်ခွင့်အာဏာပေးအပ်လိုက်တာဟာ သတင်း မပေါက်ကြားဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ကော်မတီနှစ်ခုလုံးက ဆိုပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို လုပ်ပိုင်ခွင့်ပြုတဲ့အပြင် မည်သည့်ပုံစံနှင့်မဆို ဝင်ရောက် ဖမ်းဆီးခွင့်ပြုတဲ့အချက်ဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနဲ့ ကွဲလွဲနေတယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဥပဒေကြမ်းတင်သွင်းတဲ့ ကော်မတီနဲ့ ဥပဒေကြမ်းကော်မတီကတော့ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေဖို့ နိုင်ငံခြားခရီးသွားတွေ ဝင်ရောက်မှု တိုးလာစေဖို့နဲ့ နိုင်ငံခြားဝင်ငွေရရှိအောင် ကာစီနိုရုံတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကို ပြဋ္ဌာန်းဖို့ ဆောင်ရွက်တာလို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းဟာ ဥပဒေပညာရှင်အချို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိသလို ပြည်သူတွေအတွက် ထိခိုက်မှုတွေ ရှိလာနိုင်တဲ့ အတွက် မပြဋ္ဌာန်းသင့်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြဝေဖန်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024