Home
မြန်မာသတင်း
ကမ်းဝေးသင်္ဘောကြီးများဖြင့် ကမ်းနီးတွင် တရားမ၀င်ငါးဖမ်းနေမှု ဟန့်တားပေးရန်တောင်းဆို
DVB
·
August 21, 2018
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပင်လယ်ပြင်မှာ ကမ်းဝေးငါးဖမ်းသဘောင်္ကြီးတွေက ကမ်းနီးထိလာရောက်ပြီး ငါးဖမ်းဆီးနေတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဟန့်တားပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးကို ရခိုင်လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ သြဂုတ်၂၁ ရက်က ရခိုင်ပြည်နယ်လွှတ်တော်အစည်းမှာ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက “ပေါက်တောမြို့နယ်အတွင်း ကမ်းဝေးငါးဖမ်း သင်္ဘောတွေဟာ တရားမဝင်ဝင်ရောက်ပြီး ငါးဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ရေလုပ်သားတွေ ငါးဖမ်းပိုက်တွေပျက်စီးတာတွေ၊ ငါးဖမ်းဆီးမှု နည်းပါးလာတာကြောင့် သက်ဆိုင်ရာအစိုးရအနေနဖြင့်ဟန့်တားပေးဖို့” မေးခွန်းမေးခဲ့ပါတယ်။ ဒီမေးခွန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စိုက်ပျိုးရေးသစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က “နိုင်ငံတော်ပြည်ထောင်စုအစိုးရအနေဖြင့် တပ်မတော်ရေယာဉ်နဲ့ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင့်နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေ အပါအဝင် ပြည်နယ်အစိုးရအနေနဲ့ ပူးပေါင်းကင်းလှည့်တာတွေ၊ စစ်ဆေးတားဆီး အရေးယူတာတွေ ဆောင်ရွက်နေတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဝန်ကြီးရဲ့ ဖြေကြားမှုနဲ့ပတ်သက်လို့ အခုလိုအရေးယူဖမ်းဆီးနေမှုတွေ ရှိနေတယ်လို့ ဆိုရင် မျောပိုက်တွေ ကမ်းနီးလာရောက်ပြီး ငါးဖမ်းဆီးတာကို ဘာကြောင့် မတားဆီးသလဲလို့ ဝန်ကြီးဦးကျော်လွင်ရဲ့ဖြေဆိုချက် အပေါ်မှာ ပေါက်တောအမတ် ဦးအောင်ကျော်ထွီးက မေးခွန်းထပ်ထုတ်ခဲ့ပါတယ်။ ကမ်းဝေးငါးဖမ်းသဘောင်္ကြီးတွေက ကမ်းနီးကို လာရောက်ငါးဖမ်းဆီးနေမှုအပေါ် ပြည်နယ်အစိုးရ အနေနဲ့ တတ်နိုင်သလောက် ဒီထက်ပိုကောင်းတဲ့ အစီအမံတွေနဲ့ ဆောင်ရွက်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာက ရေလုပ်သား ၄၅ ဦးက ၂၀၁၇ သြဂုတ် ၂၇ ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုထံ ဒီကိစ္စ လက်မှတ်ရေးထိုး တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ခုအချိန်အထိ တိုင်ကြားမှုကို ဂရုမစိုက်တာကြောင့်  ကမ်းနီးမှာ တနိုင်တပိုင် ငါးဖမ်းတဲ့ ရေလုပ်သားတွေရဲ့ မိသားစုတွေ အခက်အခဲ ပိုမိုဖြစ်လာနေတယ်လို့ ဒေသခံ လွှတ်တော် အမတ်က ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024