ကျပ်သိန်း ၄၀၀၀ ကျော်ကုန်ကျခံဆောက်ထားသည့် မြေထိန်းနံရံ ၂ လအတွင်း ပြိုကျ
DVB
·
August 21, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ငွေကျပ်၄၃၆၃ သိန်းကုန်ကျခံ တည်ဆောက်ထားတဲ့ အရှည် ၂၄၉၆ ပေရှည်ရှိ မြေထိန်းကျောက်စီနံရံမှ ပေ ၁၆၃ လောက်ဟာ ကုမ္ပဏီက လွှဲအပ်ပြီး နှစ်လအကြာမှာ ပြိုကျခဲ့ပါတယ်။
မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာမှာ သြဂုတ် ၂၀ ရက် မနက်က ရွာအနီး လေးတန်ချောင်းတွင်း ဟူးကောင်းဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ပေးအပ်ခဲ့တဲ့ မြေထိန်းကျောက်စီနံရံ ပြိုကျခဲ့တာပါ။
အဆိုပါ နံရံကြီးကို ကျောက်မျက်တူးဖော်ရေးလုပ်ငန်းကြောင့် သက်ဆိုင်ရာ မြို့နယ်ဒေသ အတွင်း သက်ရောက်ထိခိုက်မှုတွေကို ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ (CSR) ရံပုံငွေနဲ့ ဆောင်ရွက်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ဟူးကောင်း ဆောက်လုပ်ရေးကုမ္ပဏီတို့ သဘောတူစာချုပ်နဲ့ ဆောက်လုပ်ခဲ့တာလို့ မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က လာကြည့်သွားပြီး လောလောဆယ် မြေတူးစက်ငှားပြီး ချောင်းရေလွှဲလုပ်မှဖြစ်မယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။
နမ့်မချီကျောက်စိမ်းမှော် အနီးမှာရှိတဲ့ မော်ဟန်ကျေးရွာဟာ အိမ်ခြေ ၁၄၀၀ ရှိပြီး နှစ်စဉ် တောင်ကျရေထိုးတဲ့အတွက် လေးတန်ချောင်း ရေကြီးလေ့ရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေ ကတော့ ချောင်းရေကြီးလာရင်လယ်နဲ့ ရွာထဲရေထိုးမှာကို စိုးရိမ်နေကြပါတယ်။
သတင်း - မုန်းမုန်းမင်း