တနင်္သာရီမြစ်ရေတိုး၊ တာရိုးကျိုးနိုင်သဖြင့် ရေထိန်းတံခါးဖွင့်ချမည်ဟု ကြေညာ
ပိုင်စိုး
·
August 20, 2018
တနင်္သာရီမြစ်ရေ တိုးလာပြီး တာရိုးကျိုးနိုင်လို့ ရေထိန်းတံခါးဖွင့်ချမယ်လို့ လိုက်လံကြေညာနေပြီး အနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ပြောင်းရွှေ့ပေးနေပါတယ်။
မြို့မိမြို့ဖတယောက်က “ရေက လက်ရှိတိုးနေတယ်။ တာအတွင်းနဲ့ အပြင် ရေမညီဘူးလေ။ အဲဒါကြောင့် တာရိုးတွေ ကျိုးမှာစိုးလို့ ဖွင့်ချဖို့ လုပ်တာပါ။ ဒါကို ဖွင့်ရင် မြို့ထဲကို ရေဝင်လာနိုင်လို့ ကြေညာထားတာပါ” လို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ အရေးပေါ်အစည်းအဝေးကို အခု ညနေ ၅ နာရီမှာ လုပ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်နေသူ တယောက်က “အနိမ့်ပိုင်းက လူတွေကိုတော့ ပြောင်းပေးထားတယ်။ ကျမတို့ကတော့ အခု အိမ်ပေါ်ကို ပစ္စည်းတွေ တင်နေတယ်။ အခုလည်း အိမ်အောက်မှာ ရေတွေရှိတယ်။ တကယ်လို့ တအားတက်လာရင်တော့ ကယ်ဆယ်ရေးတွေ ခေါ်ရမှာပေါ့” လို့ ပြောပါတယ်။
တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့တွင်း စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် မြင့်တက်နေပြီး မြစ်ရေဟာလည်း အန္တရာယ်ရေမှတ်ထက်ကျော်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ဆိုပါတယ်။
ဒါဟာ တနင်္သာရီမြို့မှာ တတိယအကြိမ် ရေကြီးတာလည်း ဖြစ်ပါတယ်။