မလေးရှား ဘဏ္ဍာရေးပြဿနာ နားလည်မည်ဟု ယုံကြည်ကြောင်း မဟာသီယာ ပြော

Malaysian Prime Minister Mahathir Mohamad attends the China Entrepreneur Club Leaders Forum in Beijing, China August 19, 2018. Picture taken August 19, 2018. REUTERS/Stringer ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. CHINA OUT.
တရုတ်နိုင်ငံအနေနဲ့ မလေးရှား ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးပြဿနာကို စာနာနားလည်နိုင်မယ်လို့ ယုံကြည်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာက သြဂုတ် ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာက တရုတ်ဝန်ကြီးချုပ် လီခွတ်ချောင်နဲ့ တွေ့ဆုံရာမှာ အဲဒီလို ပြောကြားလိုက်တာပါ။ မဟာသီယာဟာ မလေးရှားနိုင်ငံမှာ တရုတ်က တည်ဆောက်မယ့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကုန်ကျမယ့် ရထားလမ်းပရောဂျက်ကို ပြန်လည်ဆွေးနွေးဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက အရင်ဝန်ကြီးချုပ် နာဂျစ်လက်ထက်က သဘောတူထားခဲ့တဲ့ မမျှတတဲ့ တရုတ်အခြေခံအဆောက်အဦ ပရောဂျက်တွေကို ဆွေးနွေးသွားမယ်လို့ တရုတ်ခရီးစဉ်မတိုင်မီ အကြိမ်ကြိမ် ပြောကြားထားပါတယ်။ လာဘ်စားမှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထားသူဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပိုးလမ်းနှစ်သွယ် စီမံကိန်းကို ကြိုဆိုသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မလေးရှားဝန်ကြီးချုပ် မဟာသီယာကတော့ တရုတ်နဲ့ သဘောတူထားတဲ့ အခြေခံအဆောက်အဦ ပရောဂျက်တွေကြောင့် မလေးရှားက တရုတ်အပေါ် အကြွေးတင်နိုင်မယ့် အန္တရာယ်ကို  သံသယရှိသူလည်း ဖြစ်ပါတယ်။ မလေးရှားနဲ့ ကုန်သွယ်ရေးတိုးမြှင့် လုပ်ဆောင်ခြင်းအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးညီမျှမှု ပိုပြီးရှိလာဖို့ မျှော်လင့်တယ်လို့ တရုတ်ဝန်ကြီးချုပ် လီခွတ်ချောင်က ပြောကြားသွားပါတယ်။ တရုတ်ဟာ မလေးရှားဘက်က စားအုန်းဆီ စတဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို ပိုမိုတင်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း တရုတ်ဝန်ကြီးချုပ် လီက ပြောပါတယ်။ တရုတ်ဟာ မလေးရှားရဲ့ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ကြီး ဖြစ်ပါတယ်။ မလေးရှားရဲ့ ပို့ကုန်တင်ပို့မှု အများဆုံး နိုင်ငံတွေကတော့ အိန္ဒိယနဲ့ ဥရောသမဂ္ဂ (အီးယူ) တို့ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up