မြန်မာဝူရှူးအားကစားမယ် အေးသစ္စာမြင့် အာရှအားကစားပြိုင်ပွဲတွင် စတုတ္ထနေရာရ

ဓာတ်ပုံ - asiangames2018
သြဂုတ် ၂၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲမှာ မြန်မာက အေးသစ္စာမြင့်က စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အမျိုးသမီး နန်းသောင်းပြိုင်ပွဲ အမျိုးအစားမှာ ပြိုင်ပွဲဝင် ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အေးသစ္စာမြင့်က စတုတ္ထနေရာ ရခဲ့တာပါ။ ရွှေတံဆိပ်ဆုကို တရုတ်က လူတန်က ၉ ဒသမ ၇၄ မှတ်နဲ့ ရရှိခဲ့ပြီး တရုတ်တိုင်ပေက ဝန်ချမ်က ၉ ဒသမ ၆၉ နဲ့ ဒုတိယ၊ ဟောင်ကောင်က ရင်ယွမ်က ၉ ဒသမ ၆၈ နဲ့ တတိယ ကြေးတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ မြန်မာက အေးသစ္စာမြင့်ကတော့ ၉ ဒသမ ၆၇ မှတ်နဲ့ စတုတ္ထနေရာမှာပဲ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး ထိုက်ချိချွမ် ပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားက လင်းဆွဲက ၉ ဒသမ ၇၅ နဲ့ ရွှေတံဆိပ်ရယူခဲ့ပြီး မြန်မာက ဝင်ပြိုင်တဲ့ မြတ်နိုးအိမ်က ၉ ဒသမ ၅၆ နဲ့ ပြိုင်ပွဲဝင် ၁၆ ဦးမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ နိုင်ငံ ၂၃ နိုင်ငံအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား နန်းချွမ်ပြိုင်ပွဲမှာလည်း မြန်မာက သိန်းသန်းဦးက အမှတ် ၉ ဒသမ ၆၈ နဲ့ အဆင့် ၆ နေရာနဲ့ ကျေနပ်ခဲ့ရပြီး တရုတ်က ဂျန်ဒီလီက ၉ ဒသမ ၇၅ နဲ့ ရွှေတံဆိပ်ရခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲရဲ့ ဝူရှူးပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကစားသမား စုစုပေါင်း ၉ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။ မြန်မာဘက်က ငြိမ်းချမ်းကိုကို၊ စန္ဒီဦး၊ မြတ်သက်ဆုဝေဖြိုးနဲ့ တခြားကစားသမားတွေရဲ့ ပွဲစဉ်တွေကိုတော့ လာမယ့်ရက်တွေမှာ ဆက်ပြီး ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up