Home
မြန်မာသတင်း
အရည်အချင်းမီ ဆောက်လုပ်ရေးကုမ္ပဏီ လက်ချိုးရေလို့ရဟု ဒုဝန်ကြီး ပြော
DVB
·
August 20, 2018
နိုင်ငံထဲမှာ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း သောင်းနဲ့ချီ ရှိပေမယ့် အရည်အချင်း ပြည့်စုံတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက လက်ချိုးရေလို့ရကြောင်း ဆောက်လုပ်ရေးပြည်ထောင်စုဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။ သြဂုတ် ၂၀ ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပညာရေးဝန်ကြီးဌာနက တည်ဆောက်တဲ့ အဆောက်အဦတွေနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေးဌာနက ရှင်းလင်း တင်ပြရာမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ “ပုဂ္ဂလိကကုမ္ပဏီများရဲ့ လုပ်ငန်း ကျွမ်းကျင်မှုကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ အခုအချိန် တနိုင်ငံလုံးမှာ ဆောက်လုပ်ရေးကုမ္ပဏီ အရေအတွက်က သောင်းဂဏန်းလောက် ရှိပြီးတော့ တကယ်တမ်း လုပ်ငန်းအတွေ့အကြုံရှိတဲ့လူ ပိုင်ဆိုင်တဲ့ ဘဏ္ဍာရေး အခြေအနေ ကျွမ်းကျင်အင်ဂျင်နီယာနဲ့ စက်ယန္တရားပိုင်ဆိုင်တဲ့ စသဖြင့် ပြည့်စုံတဲ့ ကုမ္ပဏီများရဲ့ အရေအတွက်က လက်ချိုးရေတွက်လို့ရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီ အများစုကတော့ ပေါ်ထွန်းစ အခြေအနေမှာပဲ ရှိပြီးတော့ ကျွမ်းကျင်မှုအားနည်းတဲ့ အခြေအနေမှာပဲ ရှိပါတယ်။” အကျင့်ပျက် ဝန်ထမ်းတွေရှိရင် အကြောင်းကြားပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကူညီတောင်းသွားမယ်လိုလည်း ဆောက်လုပ်ရေး ဒုဝန်ကြီးက ပြောပါတယ်။ သြဂုတ် ၂ဝ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပညာရေး ဝန်ကြီးဌာနရဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အခြေအနေအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာအပါဝင် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းဆွေးနွေးတဲ့ အစီအစဉ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။ “အကျင့်ပျက် ဆောက်လုပ်ရေးဝန်ထမ်းတွေရှိရင် ဆောက်လုပ်ရေးဌာနကို အကြောင်းကြားပေးဖို့နဲ့ အခြားဌာနတွေက အကျင့်ပျက်ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြားပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားသွားပြီး အကူညီတောင်းသွားမယ်'' လို့ ဆောက်လုပ်ရေး ဒုဝန်ကြီးက ဆိုပါတယ်။ ကိုယ်စားလှယ်တွေ တင်ပြဆွေးနွေးချက်တွေကိုတော့ သေချာမှတ်တမ်းတင်ပြီး လုပ်ငန်း လမ်းညွှန်တွေအနေနဲ့ လာမယ့်လုပ်ငန်းတွေမှာ ထည့်သွင်းအသုံပြုသွားမယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ၀န်ကြီးဌာနတွေရဲ့ အဆောက်အဦ တည်ဆောက်ပေးခြင်း မလုပ်တော့ဘဲ ဌာနတွေအနေနဲ့ ပြည်နယ်တိုင်းအစိုးရတွေကိုပဲ လုပ်ငန်းအပ်နှံနေရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024