Home
မြန်မာသတင်း
အမျိုးသမီးတဦးကို တီအန်အယ်လ်အေ ဖမ်းဆီးခေါ်ဆောင်
ပိုင်စိုး
·
August 19, 2018
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့က အမျိုးသမီးတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေချိုးဖောက်ထားတဲ့အတွက် စစ်ဆေးဖို့ဖြစ်တယ်လို့ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင် ရပ်ကွက်နေ နန်းမိုဟွမ်ကို လက်နက်ကိုင် ၅ ယောက်က အိမ်ကိုလာပြီး ဖမ်းခေါ်သွားတာပါ။ သူ့ရဲ့နေအိမ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာမှတ်တမ်းတွေကိုလည်း ဖျက်ဆီး သွားတယ်လို့ နမ့်ခမ်းမြို့ လူငယ်များကွန်ရက်က ထုတ်ပြန်ဖော်ပြထားပါတယ်။ အခုလို ဖမ်းခေါ်သွားတာဟာ ငြိမ်ချမ်းရေးဖြစ်စဉ်တွေကို ထိခိုက်နိုင်တဲ့အပြင် လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်လို့ သူတို့က ဆိုပါတယ်။ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဖမ်းဆီးတာတော့မှန်တယ်။ သူက ဥပဒေချိုးဖောက်ထားတာ ရှိတယ်။ ဒါကြောင့် အရေးယူဖို့ ဖမ်းတာပါ။ သူ့ရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ လုံခြုံတဲ့နေရာမှာရှိနေပြီး တီအန်အယ်လ်အေရဲ့ တရားရေးအဖွဲ့က စစ်ဆေးနေတယ်လို့လည်း သူက ဆိုပါတယ်။ ဒီအမျိုးသမီးကို ပြန်လွှတ်ပေးဖို့ နမ့်ခမ်းမြို့ လူငယ်များကွန်ရက်က တောင်းဆိုထားသလို ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ကလည်း တောင်းဆိုထားပါတယ်။ ဒါပေမယ့် တောင်းဆိုထားသူတွေက အကြောင်းပြန်ထားတာမရှိဘူးလို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ “သူ ဘယ်လို ဥပဒေ စည်းကမ်းကို ချိုးဖောက်တယ်ဆိုတာတော့ လောလောဆယ် ထုတ်ဖော်ပြောဖို့ မရှိပါဘူး။ ဘယ်လိုအပြစ်ပေး အရေးယူမယ်ဆိုတာလည်း မဆုံးဖြတ်ရသေး ပါဘူး။ ဆုံးဖြတ်မယ်ဆိုရင်လည်း သူ့ရဲ့ မိသားစုတွေကို ဖိတ်ခေါ်ပြီး လာရောက်ကြည့်ရှု ခွင့်ပေးမှာပါ” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024