အဂတိလိုက်စားမှုက ဓလေ့သဖွယ် စွဲကပ်လာနေပြီး ကိုယ့်သိက္ခာကို တနပ်စာ ရိက္ခာနဲ့မလဲကြဖို့ မဏ္ဍိုင် ၃ ရပ်တွေ့ဆုံပွဲမှာ သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြား လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမမှာ မနေ့ကကျင်းပတဲ့ သမ္မတဦးဝင်းမြင့်နဲ့ တိုင်းထဲက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ တွေ့ဆုံပွဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားမဝင်သစ်၊ မူးယစ်ဆေး၊ နယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ ကဏ္ဍတွေနဲ့အတူ အဂတိကင်းရှင်းစေရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက သတိပေးပြောကြားခဲ့တာပါ။
“ကျနော်တို့အားလုံး ဆင်ခြင်ရမှာ ဒီနေရာမှတခုပဲ သတိပေးခဲ့ချင်ပါတယ်။ ကျနော်တို့တွေ တနပ်စာကို မက်မိလို့ တသက်စာခံသွားရမှာကိုတော့ ခေါင်းထဲမှာ စဉ်းစားထားပါ။ ဒါတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။ တနပ်စာကို မက်မိရင်တော့ တသက်စာတော့ ခံရမှာ အမှန်ပါပဲ။ အဲဒီတော့ ကိုယ့်ရဲ့သိက္ခာ ကိုယ်တည်ဆောက်ထားတဲ့ သိက္ခာကို အဲဒီ ခဏတဖြုတ်ရိက္ခာနဲ့တော့ မလဲကြပါနဲ့။ ဒါ အခုအားလုံးကို ကျနော် ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါတယ်။”
နိုင်ငံမှာ အဂတိလိုက်စားမှုဟာ ဓလေ့သဖွယ်စွဲကပ်လာနေတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အသစ်တာဝန်ပေးပြီး ထိထိရောက်ရောက်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
“တိုင်လာတာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ၊ တာဝန်ရှိတဲ့သူတွေ ဝင်ကို မပါဘူး။ အဲဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိတဲ့ အစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ပဲ သူတို့ဆုံးဖြတ်တယ်။ အခုဆိုရင် တရားစွဲချင်တာရှိရင် စွဲတယ်၊ မတွေ့ရင် မတွေ့ဘူး။ တချို့တော့ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမှားတယ်။ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ချို့ယွင်းလို့ဖြစ်တယ်။ အဂတိ မငြိဘူး၊ ဒီလိုလေးတွေရှိတယ်။ တချို့ကပြောတယ် ဒါ ဘယ်သူမို့လို့ လျှော့ပေးတယ်၊ ကိုယ့်လူမို့လို့ ကာကွယ်ပေးတယ်။ မဟုတ်ပါဘူး၊ ကျနော်တို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်တဲ့အခါမှာ ဘယ်သူ့မို့လို့ လျှော့ပေးတယ်၊ ဘယ်သူမို့လို့ ကာကွယ်ပေးတယ်၊ ဘယ်သူ့မှ မရှိပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တဲ့ စစ်ဆေးတွေ့ရှိတဲ့အတိုင်းပဲ သူတရားစွဲသင့်စွဲမယ်။ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမှားရင် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမှားကြောင်း အစိုးရကို အစီရင်ခံမယ်။ တရားမစွဲသင့်ရင် သူ့ဟာသူ အမှုပိတ်မယ်။ ဒါက လွတ်လွတ်လပ်လပ်ပေးထားတာ။”