မိုးညှင်း နန့်စီးအောင်ပူးပေါင်းဂိတ်တွင် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ
DVB
·
August 19, 2018
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်နိမိတ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ သြဂုတ် ၁၇ ရက် မနက် ၂ နာရီခွဲလောက်က တရားမဝင်ကျောက်စိမ်းအရိုင်းတုံးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
ရဲအုပ်အောင်ကိုကိုခိုင်နဲ့ တာဝန်ရှိသူတွေဟာ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေစဉ် ကချင်ပြည်နယ်ဘက်မှ စစ်ကိုင်းတိုင်းဘက်လို့ ယာဉ်မောင်း မောင်မောင်ဦး မောင်းနှင်လာတဲ့ ကျောက်စိမ်းဖားကန့်ယာဉ်လိုင်းအမှတ် 4L/1193 ကားကိုစစ်ဆေးရာ ခရီးသယ်
တွေရဲ့ ထိုင်ခုံအောက်မှ ဆာလာအိတ် ၂ အိတ်အတွင်း တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်း အရိုင်းတုံး ၆၃ တုံး အလေးချိန် ၂၇ ကီလို ကို သိမ်းဆည်းရမိခဲ့တာပါ။
ယာဉ်မောင်းကတော့ အခငွေ ၆သောင်းကျပ်နဲ့ မိုးကောင်းမြို့မှ ဦးဝင်းတင့် ခေါ်ဘယ်ကျော်က ကျောက်စိမ်းတုံးတွေကို တင်ပေးခဲ့တာလို့ မိုးညှင်းရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မိုးညှင်းမြို့မရဲစခန်းမှ တရားမဝင်သယ်ဆောင်သူ ၂ ဦးကို ကျောက်မျက်ဥပဒေပုဒ်မ ၄၂-(က) (ပ)၂၀၅/၁၈ နဲ့ အမှုဖွင့် အရေးယူ စုံစမ်းနေကြောင်း သိရပါတယ်။
သတင်း - မုန်းမုန်းမင်း