မိုးခေါင်နေသည့် အလယ်ပိုင်းဒေသများတွင် မိုးရွာနိုင်မည်ဟု မိုးဇလခန့်မှန်း
နော်နိုရင်း
·
August 17, 2018
မိုးမျှော်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လဆန်းပိုင်းအထိ မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းတွေမှာ မိုးရေအလုံအလောက်မရခဲ့ပါဘူး။
လက်ရှိ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဘက်ဘင်ကာ” အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းတွေမှာနေရာ ကွက်ကြားမိုးကြီးမယ်လို့ အလယ်ပိုင်းဒေသမှာ မိုးရွာနိုင်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
“ဒီနှစ်ကျတော့ရှိသမျှမုန်တိုင်းတွေကလည်း အိန္ဒိယကမ်းနားတွေမှာပဲ ကပ်ဖြစ်တယ်။ ဖြစ်တာနဲ့ အိန္ဒိယထဲကိုဝင်သွားတဲ့အချိန်ကျတော့ အလယ်ပိုင်းဒေသတွေမှာ မိုးရရှိမှု နည်းတဲ့အခါကျတော့ တချို့လည်းသီးနှံပျက်ကြတယ်ပေါ့နော်။ တချို့ကျတော့ မိုးမျှော်နေတဲ့ အနေအထားမျိုးရှိပါတယ်။ ဒါပေမယ့် ဒီနေ့ကနေစပြီးတော့ နောက်နှစ်ရက်သုံးရက်အတွင်း မှာတော့ အလယ်ပိုင်းဒေသတွေမှာ မိုးများလာနိုင်တဲ့အနေအထားရှိပါတယ်။ ဒါကလည်း ဗီယက်နမ် ကမ်းမြောက်ပိုင်းကို ဖြတ်ကျော်ဝင် ရောက်နေတဲ့ အပူပိုင်းမုန်တိုင်း ဘက်ဘင်ကာရဲ့ အကြွင်းကျန်အနေနဲ့ နောက်တရက်နှစ်ရက်ကတော့ မြန်မာနိုင်ငံဘက်ကို ရောက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အလယ်ပိုင်းဒေသ တွေမှာတော့ ဒီနေ့ကနေစပြီး နောက် နှစ်ရက်သုံးရက်အတွင်းတော့ မိုးရလာနိုင်တဲ့အနေအ ထားမျိုးရှိပါတယ်။ တချို့နေရာတွေမှာဆိုရင်တော့ နေရာကွက်မိုးကြီးတဲ့ အနေအထားမျိုးအထိ ဖြစ်လာနိုင်ပါတယ်။”
ဒါ့အပြင် မုန်တိုင်းကြွင်းကျန်ကြောင့်လည်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်း ပြောပါတယ်။
“နောက် ၇၂ နာရီအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတွေမှာ ဒေသလိုက် မိုးကြီးနိုင်ပြီးတော့မှ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာကွက် မိုးကြီးနိုင်တယ်။”
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့လတွေက မိုးမရွာတဲ့အတွက် သီးနှံ့အထွက်နှုန်းလျော့ တာတွေဖြစ်ပွားခဲ့တယ်လို့ မြင်းခြံမြို့နယ်လွတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က ပြောပါတယ်။
“မိုးခေါင်တော့ အသီးအနှံပိုင်းတော့ နည်းနည်းအရည်အသွေး ကျမှာပေါ့၊ အထွက်နည်းမှာ ပေါ့။ သာမာန်ထွက်တဲ့ နှုန်းထားထက်တော့လျော့မှာပေါ။ အဓိကတော့ ဒီဘက်ပိုင်းမှာ ကုန်းအသီးအနှံတွေပေါ့။ ဖရဲတို့ပေါ့။ မိုးရေလုံလောက်မှု မရှိတဲ့အခါကျတော့ အသီးအနှံ သေးတာပေါ့နော်။ ပျက်စီးတာတော့ ဒီမှာ သိပ်မရှိပါဘူး။ ”
မိုးမျှော်နေတဲ့ဒေသမှာ မိုးရွာမှာဖြစ်ပေမယ့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာတော့ မိုးပိုလာနိုင်လို့ ရေကြီးရေလျှံအန္တရာယ် သတိထားဖို့လည်း မိုးဇလဌာနက တိုက်တွန်းပါတယ်။