ဝေလငါးများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် သွေးပင်လယ်ပြင်ကြီး ဖြစ်သွား (ရုပ်သံ)

ဓာတ်ပုံ - Alastair Ward/Triangle News
ဒိန်းမတ်ပိုင် ကျွန်းနိုင်ငံတွေမှာ နှစ်စဉ် နှုတ်သီးဝေလငါးတွေဟာ ရာနဲ့ချီ အသတ်ခံနေကြရတယ်လို့ မေရာသတင်းတပုဒ်မှာ သြဂုတ် ၁၆ ရက်နေ့က ဖော်ပြပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ ဒီဓာတ်ပုံတွေထဲမှာတော့ ဝေလငါးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရအပြီး မြင်ကွင်းတွေကို တွေ့ကြရမှာပါ။ ဒိန်းမတ်ပိုင် ဖာရိုးကျွန်းစုမှာ ရွာသားတွေဟာ ဝေလငါးတွေကို ရိုးရာအရ အကြိမ်ကြိမ် အမဲလိုက် သတ်ဖြတ်လေ့ရှိကြပြီး တကမ္ဘာလုံးကတော့ ဝေဖန်ပြစ်တင်နေကြတာပါ။ ခုလို ဝေလငါးတွေ လာတဲ့ရာသီမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို  ရိုးရာအမဲလိုက် လှုပ်ရှားမှုတခုလို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၁၆ ရာစု နှောင်းပိုင်းလောက်ကတည်းက စတင်ခဲ့တာလို့ ဆိုပါတယ်။ ကိန်းဘရစ်ခ်ျတက္ကသိုလ် ကျောင်းသားတဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် အလာစတဲရ်ဝါ့ဒ်ဟာ သူငယ်ချင်းတဦးနဲ့ ဒီလိုရာသီမှာ အဲဒီကျွန်းဆီ ရောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ အဲဒီပင်လယ်အော်တလျှောက် လမ်းလျှောက်ကြတယ်။ ဒီအချိန်မှာ ဒေသခံ မိသားစုတွေ ရောက်လာပြီး ကျနော်တို့ကို မင်းတို့ကံကောင်းတယ်၊ ဟိုမှာ ဝေလငါး လာနေပြီလေလို့ ပြောကြတယ်။” ဒီလှုပ်ရှားမှုတွေအတွင်း အရောင်ပြောင်းသွားတဲ့ သွေးပင်လယ်ကြီးထဲမှာ ဒေသခံတွေရော၊ ကလေးငယ်တွေပါ ဝေလငါးသေတွေအပေါ် တက်ပြီး ခုန်ပေါက် ပျော်မြူးခဲ့ကြတာပါ။ ဖာရိုးကျွန်းစု အစိုးရကတော့ ဖာရိုးပြည်သူတွေအနေနဲ့ ကိုယ့်ဒေသရဲ့ သဘာဝရင်းမြစ်တွေကို အသုံးပြုဖို့ ရပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။ ဒါဟာ ပုံမှန်လည်ပတ်နေပြီး ပြန်လည်ပြည့်ဖြိုးမြဲ အခြေအနေတခုဖြစ်ကာ ဖာရိုးကျွန်းစုရဲ့ နေထိုင်မှုပုံစံတမျိုးလို့ ဆိုပါတယ်။ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေကတော့ ခုလိုသတ်ဖြတ်မှုနဲ့ ယဇ်ပူဇော်မှု ပုံစံမျိုးဟာ ရက်စက်လွန်းရာကျပြီး မလိုအပ်လှဘူးလို့ ဝေဖန်နေကြတာပါ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ ဝေလငါး အမဲလိုက်သတ်ဖြတ်မှု ၉ ခုမှာ ဝေလငါးကောင်ရေ ၄၃၆ ကောင်နဲ့ လင်းပိုင်ကောင်ရေ ၁၉၈ ကောင် သေဆုံးနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up