Home
မြန်မာသတင်း
ချောင်းမြောင်းများထဲ စည်းကမ်းမဲ့အမှိုက်မပစ်ကြရန် မော်လမြိုင်စည်ပင်တိုက်တွန်း
DVB
·
August 17, 2018
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲမှာ ရေကြီးရေလျှံမှုတွေမဖြစ်အောင် ချောင်းမြောင်းတွေထဲ စည်းကမ်းမဲ့ အမှိုက်မပစ်ကြဖို့နဲ့  မြေကွက်တွေအပေါ် ကျူးကျော် နေထိုင်တာ မလုပ်ကြဖို့ မြို့နယ်စည်ပင်က တိုက်တွန်းပြောပါတယ်။ မွန်ပြည်နယ်မှာ လတ်တလော ရေကြီးရေလျှံမှုများ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ချောင်းမြောင်းတွေ တိမ်ကောလာတာနဲ့ ချောင်းမြောင်းတွေမှာ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်တွေ ပစ်ချတာတွေကြောင့်လည်း ပါဝင်ပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ ချောင်းမြောင်းတွေကို ဌာန ၃ ခု ပူးပေါင်း တူးဖော်ပေးနေတယ်လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဒေါ်သိင်္ဂီအောင်က ပြောပါတယ်။ “အဓိကကတော့ ဒီမြောင်းတွေ ပိတ်တယ်ဆိုတာ ကျူးကျော်တာတွေနဲ့ အမှိုက်တွေ ပစ်ချတာတွေလည်း ပါတယ်။ ပစ်ချတဲ့အတွက်ကြောင့် ချောင်းတွေ၊ မြောင်းတွေ ပိတ်ဆို့တယ်။ အဓိကက ပြည်သူတွေ ဆောင်ရွက်တဲ့ကိစ္စကို ပြည်သူတွေပဲ ဒုက္ခပြန်ရောက်တာပါ။ ဒါကြောင့် အန်တီတို့ စည်ပင်သာယာက အမှိုက်တွေကို နိုင်နိုင်နင်းနင်းနဲ့ ရပ်ကွက်အလိုက် လမ်းကြိုလမ်းကြားမကျန် လိုက်သိမ်းပေးနေတာ ရှိတယ်။ ဒါကြောင့် အမှိုက်တွေကို ချောင်းမြောင်းထဲ မပစ်ချဘဲနဲ့ အမှိုက်ကားပေါ် အရောက် စွန့်ပစ်ပေးပါလို့ ပြောချင်တယ်။” မော်လမြိုင်မြို့က ဇေယျာမြိုင်ရပ်ကွက် အပါအဝင် မြိုင်သာယာရပ်ကွက်မှ အတ္ထရံတံတား အထွက်တလျှောက် အဓိကကျတဲ့ ချောင်းမြောင်းတွေကိုလည်း တူးဖော်ထားတယ်လို့ သိရပါတယ်။ ရေမြောင်းတွေ တူးဖော်နိုင်ခဲ့တဲ့အတွက် လူနေအိမ်တွေ ရေနစ်မြုပ်မှု လျော့နည်းလာပြီး ချောင်းမြောင်းတွေ တူးဖော်မှုမှာ အောင်မြင်မှုရှိတယ်လို့ ဒေါ်သိင်္ဂီအောင်က ဆက်ပြောပါတယ်။ “အန်တီတို့ တူးဖော်ပေးခဲ့တာ အောင်မြင်မှုရှိပါတယ်။ မိုးရွာချိန်မှာလေးပဲ ရေတချက်ရှိပြီးတော့ ချက်ချင်း ပြန်ဆင်းသွားပါတယ်။ အိမ် ရေနစ်မြုပ်တာတွေလည်း တော်တော်လေး နည်းပါးသွားပါတယ်။ အန်တီတို့ စည်ပင်သာယာက နှစ်စဉ် တနှစ်ပတ်လည်လုံး ဖော်ပေးနေတာပါ။ မြို့ကလူတွေလည်း သိတယ်။ လူအင်အားနဲ့ဖြစ်ဖြစ်၊ စက်ယန္တရားဝင်လို့ရတဲ့ နေရာတွေကိုလည်း ယန္တရား အင်အားနဲ့ ဖော်ပေးခဲ့တယ်။ အဲအချိန်တုန်းက အန်တီတို့ဆီမှာ ယန္တရားက စက်ကြီးပဲ ရှိတယ်။ ဒါကြောင့် မိန်းမြောင်းတွေကိုပဲ ဖော်ပေးခဲ့တယ်။ အရင်နှစ်တွေကလည်း အများကြီး ဖော်ပေးခဲ့ပါတယ်။” မော်လမြိုင်မှာ ရေကြီးနစ်မြုပ်ပြီးတဲ့နောက်ပိုင်း သီရိမင်္ဂလာရပ်ကွက်နဲ့ သီရိမြိုင်ရပ်ကွက်ဘက်မှာ စက်ယန္တရား ၈ စီးလောက်နဲ့ ရေမြောင်းကြီးငယ်တွေကို တူးဖော်နေ သလို စက်ယန္တရား ဝင်လို့မရတဲ့ နေရာတွေမှာ လူအင်အားနဲ့ ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်စည်ပင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။ မွန်ပြည်နယ်မှာ ဇူလိုင်လဆန်းပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ ကျိုက်မ၊ သထုံနဲ့ အခြားမြို့နယ် အတော်များများမှာ ရေကြီးရေလျှံခဲ့ပြီး အခုရက်ပိုင်းမှာလည်း ထူးကဲဒီရေ တက်လာလို့ မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်နဲ့ လူနေအိမ်၊ ဈေးတွေပါမကျန် ရေကြီး ရေလျှံခဲ့ပါတယ်။ သတင်း-အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024