Home
မြန်မာသတင်း
ရုပ်ရှင်ဒါရိုက်တာ မိုက်တီးကို စိတ်ကြွဆေး ၂၆ ပြားနှင့်အတူဖမ်းမိ
DVB
·
August 17, 2018
ရုပ်ရှင်ဒါရိုက်တာ မိုက်တီး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မူးယစ်ဆေးဝါး ၂၆ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ သြဂုတ် ၁၆ ရက် ည ၁၁ နာရီလောက်က တာမွေမြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေပါတဲ့ အဖွဲ့က  တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အ.ထ.က (၃)ရှေ့မှာ မော်တော်ယာဉ်တွေကို ပိတ်ဆို့ စစ်ဆေးရှာဖွေနေစဉ် ဖမ်းမိခဲ့တာပါ။ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးစဉ်မှာ သန်းထွန်းဇော်(ခ)မိုက်တီး မောင်းနှင်လာတဲ့ ကားကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်းထိုင်ခုံနဲ့ ကျောမှီကြားမှ မီးခိုးရောင် မျက်မှန်ဘူးထဲ ထည့်ထားတဲ့  WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြားပါ ၁ ထုပ်၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးထဲက WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား ပါ ၁ ဘူး၊ စုစုပေါင်း ၂၆ ပြား အလေးချိန် ၂ ဒသမ ၆ ဂရမ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ မိုက်တီးနဲ့အတူ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၁ စီး၊  ယာဉ်မောင်းလိုင်စင် ၁ ခု၊ ဝှီးတက် ၁ ခုတို့နဲ့အတူ ရှာဖွေသိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီး (၅၃-နှစ်)ကို တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့် အရေးယူနေပြီး ကွင်းဆက်တရားခံ ဖမ်းမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- Yangon Police
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024