ဘင်္ဂလားဒေ့ရှ် ကျောင်းသားဆန္ဒပြမှု ဓာတ်ပုံရိုက်ယူခဲ့သူအား ဖမ်းဆီး

ဓာတ်ပုံ - EPA
ကျောင်းသားဆန္ဒပြမှုတွေကို ဓာတ်ပုံသတင်း ရိုက်ယူခဲ့တဲ့ ဓာတ်ပုံဆရာ ရှာဟီဒူအလမ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ကားတိုက်မှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့အပေါ် ကျောင်းသားအများအပြား အပါအဝင် လူထုတွေ လမ်းပေါ်ထွက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အလမ်က အဲဒီဆန္ဒပြပွဲတွေကို သတင်းဓာတ်ပုံရိုက်ယူပြီး မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရုပ်သံနဲ့ ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ အလမ်ကို ဆန္ဒပြပွဲတွေ ပိုကြီးလာအောင် သတင်းအမှားတွေ ဖြန့်ခဲ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးလိုက်တာပါ။ သူဟာ အငြင်းပွားဖွယ် အင်တာနက် ဥပဒေတွေနဲ့ စစ်ဆေးခံနေရပါတယ်။ ရှာဟီဒူ အလမ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားတဲ့ သမိုင်းဝင် အဖြစ်အပျက်တွေကို ဆယ်စုနှစ်ချီ ဓာတ်ပုံရိုက်ခဲ့သူဖြစ်ပြီး သူ့ဓာတ်ပုံတွေကို သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up