နိုက်ခ် (Nike) ကုမ္ပဏီက ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိခဲ့တဲ့ အန်ဘာပီအတွက် ရည်ရွယ်ပြီး လျှပ်စီးပုံပါတဲ့ ဖိနပ်ကို သီးသန့်ထုတ်လုပ်ပေးခဲ့ပါတယ်။
ကမ္ဘာ့ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ပြင်သစ်အသင်းကို ရည်ရွယ်ပြီး ကြယ်နှစ်ပွင့် အပါအဝင် အန်ဘာပီ နာမည်ကိုပါ ရေးထားပါတယ်။
Engineered For Speed ဆိုတဲ့ စာတန်းနဲ့အတူ ပြေးလွှားရအဆင်ပြေဖို့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
အန်ဘာပီက ဖိနပ်ရရှိတဲ့အချိန်မှာ အင်စတာဂရမ် စာမျက်နှာပေါ် တင်ခဲ့ပြီး ပျော်ရွှင်နေတဲ့ပုံ ရပါတယ်။
အန်ဘာပီဟာ ကမ္ဘာ့ဖလားမှာ ၇ ပွဲကစား ၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
ကမ္ဘာ့ဖလားနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး အသက် ၁၉ နှစ်သာရှိသေးလို့ အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရပါတယ်။
အမ်ဘာပီ ကစားနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ် လီဂူး ၁ အဖွင့်ပွဲမှာ ကိန်းအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိထားပြီး အခုရာသီမှာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးခြေစွမ်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။