ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ
DVB
·
August 16, 2018
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် မီးရထားလမ်းပိုင်းတချို့ ပျက်စီးခဲ့လို့ မော်လမြိုင်ကို ပြေးဆွဲနေတဲ့ မီးရထားခရီးစဉ်တွေကို ယာယီပိတ်ထားရပြီး သြဂုတ် ၁၅ ရက်က ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “ရထားလမ်းပိုင်းကတော့ ဒီနေ့ပြန်ဖွင့်ပေးလိုက်ပြီ။ လောလောဆယ်တော့ ခရီးစဉ်သွား လို့ရအောင်တော့ စီစဉ်ထားပေးတယ်။ တို့လည်း သက်ဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ လမ်းပိုင်း ခိုင်မာဖို့အတွက် ပြုပြင်ရမှာတွေ ရှိသေးတယ်” လို့ ပြောပါတယ်။
ဘီးလင်း-သထုံ လမ်းပိုင်းရှိ ဒုံဝန်းနဲ့ နှင်းပုလဲကြား တံတားအမှတ် ၇၄ ကို ရေတိုက်စားခဲ့တာကြောင့် ပျက်စီးခဲ့ပြီး ရထားခရီးစဉ်တွေကို ဇူလိုင် ၂၉ ရက်က စတင်ကာ နှစ်ပတ်ကျော်ကြာ ရပ်နားထားခဲ့ရတာပါ။
မော်လမြိုင်ဘူတာကြီးမှာ မနက် ၆ နာရီ ၁၅ မိနစ်က မော်လမြိုင်ကနေ နေပြည်တော် ထွက်ခွာမယ့် ၁၈ အစုန်ရထား၊ မော်လမြိုင် - ရန်ကုန်/ ရန်ကုန် - မော်လမြိုင် (၉၀)၊ (၃၆)၊ (၁၇၆)၊ (၈၉)၊ (၃၅)၊ (၁၇၅) အစုန်/အဆန်၊ မော်လမြိုင် - ပဲခူး/ပဲခူး - မော်လမြိုင် (၈၆)၊ (၈၅) အစုန်/အဆန်ရထား တို့ကို နေ့စဉ်ပုံမှန်ပြေးဆွဲနေတာ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အာကာမင်း