အာရှအားကစားပြိုင်ပွဲတွင် မြန်မာနှင့် မြောက်ကိုရီးယား ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

ဓာတ်ပုံ - MFF
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အုပ်စု အက်ဖ် ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၃ အသင်းနဲ့ မြောက်ကိုရီးယား ယူ-၂၃ အသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ တဖက်တဂိုးစီ သရေကျသွားပါတယ်။ မြန်မာဘောလုံးအသင်းဟာ အာရှအားကစားပြိုင်ပွဲကို ၂၄ နှစ်ကြာမှ တကျော့ပြန် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်မှာပဲ အာရှအင်အားကြီး မြောက်ကိုရီးယားအသင်းကို သရေကျေအာင် ကစားနိုင်ပြီး ရမှတ် ၁ မှတ် ရယူနိုင်ခဲ့တာပါ။ မြန်မာအသင်းဟာ ပွဲထွက်ကစားသမားများအဖြစ် ဂိုး - ကျော်ဇင်ထက်၊ နောက်တန်း - ဝင်းမိုးကျော်၊ ထိုက်ထိုက်အောင်၊ ဇော်မင်းထွန်း၊ နန္ဒကျော်၊ အလယ်တန်း - လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ မောင်မောင်စိုး၊ ရန်နိုင်ဦးနဲ့ ရှေ့တန်းမှာ တိုက်စစ်မှူး အောင်သူကို အသုံးပြုသွားပါတယ်။ မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲ လက်ရှိ ငွေတံဆိပ်ဆုရှင် မြောက်ကိုရီးယားအသင်းကို အပြန်အလှန် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ပထမပိုင်း ပြီးခါနီးမှာ မောင်မောင်လွင်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြောက်ကိုရီးယားအသင်းက ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မြောက်ကိုရီးယားရဲ့ အပိုင်ကန်သွင်းချက်တချို့ကို မြန်မာဂိုးသမား ကျော်ဇင်ထက် ကာကွယ်နိုင်တဲ့အတွက်လည်း မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။ မနေ့ကပဲ အစောပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု အက်ဖ်က အီရန်နဲ့ ဆော်ဒီတို့ ပွဲမှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဆော်ဒီအာရေးဗျနဲ့ လာမယ့် သြဂုတ် ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up