ယီမင်တွင် ကလေးအယောက် ၄၀ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု စစ်ဆေးရန် အမေရိကန် တိုက်တွန်း

လွန်ခဲ့တဲ့ရက်ပိုင်းက ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးအယောက် ၄၀ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်က သူ့ရဲ့မဟာမိတ် ဆော်ဒီအာရေးဗျကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ယီမင်နိုင်ငံ ဆအာဒါမြို့မှာ နွေရာသီ ကျောင်းအားလပ်ရက် ခရီးကနေ ပြန်လာတဲ့ ကလေးငယ်တွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ကလေး အယောက် ၄၀ သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရရှိသွားပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟယ်သာနောင်းဝပ်က သတင်းစာရှင်းလင်းပွဲမှာ “အခုလို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားဖို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ကို ကျမတို့ တိုက်တွန်းထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကြယ် ၃ ပွင့် အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးတဦးကို ဆော်ဒီအာရေးဗျနိုင်ငံကို စေလွှတ်ထားပါတယ်” လို့ ပြောသွားပါတယ်။ ဒါ့အပြင် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုဟာလည်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်နဲ့ တယ်လီဖုန်းကနေ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ပြောဆိုဆွေးနွေးတဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ၊ စိတ်ချယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလလုံခြုံရေးကောင်စီကလည်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂူဂျာရက်စ်ကလည်း ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့နဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်အဖွဲ့တွေ ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးသွားကြဖို့ ဖိတ်ခေါ်ထားတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up