မီးလောင်ခဲ့သည့် ထိုင်ဝမ်ဆေးရုံ၏ အားနည်းချက်များကို မီးသတ်ဌာန ပြစ်တင်

ဓာတ်ပုံ - EPA
ထိုင်ဝမ်မှာ သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ ဆေးရုံမီးလောင်မှုမှာ သတိပေးဖုန်းခေါ်ဆိုမှု နောက်ကျတာ စတဲ့ ဆေးရုံရဲ့ အားနည်းချက်တွေကို မီးသတ်ဌာနက ပြစ်တင် ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်း နယူးတိုင်ပေမြို့က ဆေးရုံတရုံမှာ သြဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူ ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တာ အပါအဝင် စုစုပေါင်း လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယူးတိုင်ပေ မီးသတ်ဌာနက ဆေးရုံရဲ့ မီးဘေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ပြစ်တင်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အထပ် ၉ ထပ်ရှိ ဆေးရုံရဲ့ ၇ လွှာကနေ ဒေသစံတော်ချိန် မနက် ၄ နာရီ ၃၀ ဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ဌာနဟာ အချိန် ၉ မိနစ်ခန့် နောက်ကျပြီးမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ နယူးတိုင်ပေမြို့ မီးသတ်ဌာန အကြီးအကဲက ပြောပါတယ်။ ဆေးရုံအနေနဲ့ မီးစလောင်လောင်ချင်း မီးသတ်ဌာနကို အကြောင်းမကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်ဝမ်အစိုးရက ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒါ့အပြင် မီးငြှိမ်းသတ်ရာမှာလည်း ဆေးရုံက သူနာပြုတွေရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ မီးလောင်လွယ်တဲ့ အိပ်ယာတွေ အသုံးပြုမှုနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပြခဲ့ပါတယ်။ “တကယ်တမ်းပြောရရင် မီးလောင်မှုဖြစ်နေတဲ့ အချိန်မှာ သူနာပြုတွေမှာ တော်တော်ကို တာဝန်ရှိပါတယ်။ သူတို့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် အဆောင်တံခါးမကြီးတွေကို ဖွင့်ထားတာ တွေ့ရပါတယ်။ အဲဒါကြောင့် မီးခိုးတွေ နေရာအနှံ့ ပျံ့နှံ့ကုန်ပါတယ်။ ဒီအချက်ကြောင့် ဒဏ်ရာကြီးကြီးမားမား ရကုန်ကြတာပါ” လို့ နယူးတိုင်ပေမြို့ မီးသတ်ဌာန အကြီးအကဲက ပြောသွားပါတယ်။ လက်ထောက်ဆေးရုံအုပ်ကြီးကတော့ “ရေဖျန်းတဲ့စနစ်၊ လေဝေင်လေထွက်စနစ် စတဲ့ ဆေးရုံမှာရှိတဲ့ မီးသတ်တဲ့ပစ္စည်းတွေ အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်ပေမယ့်လည်း ဒီအဖြစ်ဆိုးကြီးကို မကာကွယ်နိုင်ခဲ့ပါဘူး။ မီးသတ်ပစ္စည်းတွေ၊ မီးကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တွေနဲ့ အန္တရာယ်ရှိ ပစ္စည်းတွေဟာ စစ်ဆေးမှုခံယူပြီးသား ပစ္စည်းတွေ၊ ပြီးခဲ့တဲ့လကမှ စစ်ဆေးခဲ့ပြီးသား ပစ္စည်းတွေပါ” လို့ ပြောပါတယ်။ မီးလောင်မှုကို မီးသတ်ကား ၇၆ စီး၊ မီးသတ်သမား ၂၀၈ ဦးနဲ့ ငြှိမ်းသတ်ခဲ့ပြီး ဒေသစံတော်ချိန် မနက် ၅ နာရီလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up