ရခိုင်တွင် ပုစွန်မွေးမြူရေးလုပ်ရန် မြန်မာ-ထိုင်း သဘောတူလက်မှတ်ရေးထိုး
DVB
·
August 14, 2018
ရခိုင်ပြည်နယ်မှာ ပုစွန်မွေးမြူရေးစီမံကိန်း ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
သြဂုတ်လ ၁၄ ရက်က နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ထိုင်း-မြန်မာ ပုစွန် မွေးမြူရေးစီမံကိန်း နားလည်မှုစာချွန်လွှာ (အမ်အိုယူ) ကို နှစ်နိုင်ငံ အပြန်အလှန် လက်မှတ်ရေးထိုး ခဲ့ကြတာပါ။
ပုစွန်မွေးမြူရေးစီမံကိန်းဖြစ်တဲ့ ရခိုင်ပြည်နယ် ရေချမ်းပြင် ပုစွန်သားဖောက်စခန်း ပြုပြင်မွမ်းမံဖို့အတွက် ထိုင်းနိုင်ငံက ဘတ်ငွေ ၃၄ သန်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အထောက်အပံ့နဲ့ နည်းပညာ အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က “ရခိုင်ပြည်နယ်မှာရှိတဲ့ လူနေမှုဘ၀စီးပွား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အဓိက ရည်ရွယ်ပြီးတော့မှ ဆောင်ရွက် တာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေပြီးတော့မှ လိုအပ်တဲ့ နည်းပညာ အထောက်အပံ့အကူအညီနဲ့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အနေနဲ့ ပုစွန်မွေးမြူတဲ့အချိန်မှာ ပိုပြီးတော့မှ ရရှိမှာဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်မှာတော့ သာမန်ရိုးကျ မွေးမြူတာကိုပဲ လုပ်ကြတယ်။ ခေတ်မှီ ပုစွန် သားဖောက်စခန်းရှိပြီးတော့မှ ခေတ်မှီတဲ့ နည်းပညာရော အထောက်အပံ့ရောဆိုရင် ရခိုင်ပြည်နယ်ရဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းဟာ ပိုပြီး ထွန်းကားသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီမှုတွေကိုလည်း မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။