Home
ရုပျသံ
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု ဘယ်လိုထိခိုက်မှုတွေရှိလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
August 14, 2018
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ တန်ဖိုးအများကြီး ကျခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မြန်မာ့စီးပွားရေးမှာ ဘယ်လိုထိခိုက်မှုတွေရှိလဲ၊ ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ The Voice ဒု-အယ်ဒီတာချုပ် ဦးဇေယျသူနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးနေလင်းဇင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခုရက်ပိုင်းအတွင်း ငွေက အရင်နဲ့ယှဉ်ရင် အတက်အကျ အရမ်းများတယ်။  ဒီကြားထဲမှာတော့ ဗဟိုဘဏ်က ဒေါ်လာ ၈ သိန်းလောက် ထုတ်ရောင်းပေးလို့ ဒီနေ့ဆို ပြန်ကျတယ်လို့ ပြောတယ်။ Exchange Rate အခုလိုမျိုး Float အရမ်းဖြစ်တယ်။ အတက်အကျ များတဲ့အပေါ်မှာ ဘယ်သူတွေကို သက်ရောက်မှုရှိလဲ၊ ဒါကို တည်ငြိမ်အောင် ဘာလုပ်ရင် အကောင်းဆုံးဖြစ်မလဲ စပြီးဆွေးနွေးပေးပါဦ။” ဦးဇေယျသူ (ဒု-အယ်ဒီတာချုပ်၊ The Voice) “ဒေါ်လာဈေးကတော့ ကမ္ဘာနဲ့ မြန်မာနဲ့ စီးပွားရေးအရ ချိတ်ထားတဲ့ ဈေးနှုန်းပေါ့။ ပထမဆုံး စထိတာကတော့ သွင်းကုန်တွေပေါ့။ သွင်းကုန်တွေ ဈေးကြီးသွားမယ်။ မြန်မာပြည်ကနေ ပြည်တွင်းကို ဒေါ်လာနဲ့သွင်းနေတဲ့ သွင်းကုန် ဘယ်လောက်ရှိလဲ။ ရှိနေတဲ့ ပမာဏအလိုက် ဈေးတွေက တက်သွားမှာပဲ။ ဥပမာ ဓာတ်ဆီလိုမျိုး တက်မယ်။ စက္ကူဈေး တက်သွားလိမ့်မယ်။ စားအုန်းဆီလို အပြင်ကနေ သွင်းတာမျိုး တက်သွားလိမ့်မယ်။ နောက်တခုက ဈေးနှုန်းက ကမ္ဘာနဲ့ မြန်မာ စီးပွားရေးအရ ဆက်ထားတဲ့ ဈေးနှုန်း ဖြစ်တဲ့အတွက် တချို့ပညာရှင်တွေလည်း ပြောတယ်၊ ဈေးနှုန်းအားလုံးရဲ့ မိခင်ကြီးပေါ့။ ဒါကို ကိုင်လှုပ်လိုက်ရင် စီးပွားရေးတခုလုံး လှုပ်သွားတယ်။ အဲဒီတော့ အပြင်ကို ရောင်းမယ့်လူတွေလည်း ခန့်မှန်းရခက်သွားတယ်။ မြန်မာပြည်ထဲမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်လူတွေ သူတို့လည်း ခန့်မှန်းရ ခက်သွားတယ်။ မြန်မာပြည်ထဲကို ဝင်လာတဲ့ ဒေါ်လာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ၊ နိုင်ငံခြားအကူအညီတွေ။ ဒါတွေကအစ အကုန်လုံး ဒုက္ခရောက်တယ်။ မြန်မာပြည်နဲ့ပတ်သက်ပြီး အလုပ်လုပ်ချင်တဲ့လူတွေ တွက်ကြတဲ့အခါမှာ အန္တရာယ်ပေါ့။ Exchange Rate ပေါ့။ ဒေါ်လာဈေးနှုန်း အတက်အကျ များတယ်ဆိုရင် ဒီစီးပွားရေးက မတည်ငြိမ်ဘူးလို ဖြစ်ကြတယ်။ လွယ်လွယ်ကတော့ သွင်းကုန်ထိတယ်။ တကယ်ကတော့ စီးပွားရေးကို အမြစ်ကနေ ကောက်ပြီး ခါလိုက်သလိုမျိုး ဖြစ်တဲ့အတွက် တခုလုံးထိတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ သေချာပေါက် လက်တွေ့ထိတဲ့ သွင်းကုန်ပေါ့။ ဓာတ်ဆီတို့၊ နေ့စဉ်သုံးနေတဲ့ စားသုံးဆီ၊ ဆေးတို့ပေါ့။ ဆရာက ပြောသွားတယ်။ ဒါရဲ့သက်ရောက်မှုက အများပြည်သူဆီ သွားပြီးတော့ ထိရောက်တယ်ဆိုတာ ပြောသွားတယ်။ ဆရာ့ကိုလည်း မေးပါရစေ။ ဆရာတို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဆို မနှစ်ကဆိုရင် ၃ ဒသမ ၆ သန်းလောက် export လုပ်နိုင်ခဲ့တယ်ပေါ့နော်။ အခုတော့ တချို့က ပြောကြတယ်။ အခုလိုမျိုး မြန်မာငွေ တန်ဖိုးကျသွားတော့ ကိုယ်က export ဆန်များများ ပို့နိုင်ရင် နိုင်ငံခြားဝင်ငွေ များများရတဲ့အတွက် အဲဒီက အကျိုးရှိမယ်လို့ Speculate လုပ်တဲ့သူတွေလည်း ရှိတယ်။ Exchange Rate ကျသွားခြင်းရဲ့ ငွေတန်ဖိုးကျသွားခြင်းရဲ့ ကောင်းကျိုးလို့ ပြောကြတယ်။ အဲဒါရော တကယ် လက်တွေ့ ဟုတ်ပါ့မလား။ ဆရာတို့အနေနဲ့ ဆန်စပါးကို export လုပ်နေတဲ့ မြန်မာပြည် လက်ရှိအခြေအနေနဲ့ ငွေလဲနှုန်းနဲ့ ဆက်စပ်ပြီးတော့ ဘာတွေ သက်ရောက်မှုရှိလဲ ဆရာ ဆွေးနွေးပေးပါဦး။” ဦးနေလင်းဇင် (တွဲဘက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်) “လက်ရှိ Exchange Rate အရတော့ ပုံမှန်မှာ သုံးချက်တွက်နည်းနဲ့ တွက်မယ်ဆိုရင် ရေတိုမှာတော့ မှန်ပါတယ်။ ရေတိုမှာမှန်တယ် ဆိုတာက ကျနော်တို့ လက်ရှိ တလ၊ နှစ်လအတွင်းမှာ ရောင်းထားတယ်။ အခု ငွေဈေးက ၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ကြားမှာ ပြောင်းသွားတဲ့အခါမှာ ရောင်းတဲ့ Commodity အရဆိုရင်တော့ ပိုရတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဆန်ကို Export လုပ်တဲ့အခါမှာ ပြည်တွင်း မြန်မာနိုင်ငံတခုလုံး ရပ်တည်ပြီးတော့ ဈေးကွက်တခုလုံးကို ရောင်းတာမဟုတ်ဘူး။ ကမ္ဘာ့ဈေးကွက်နဲ့ယှဉ်ရင် ကျနော်တို့နိုင်ငံရဲ့ ပို့နိုင်တဲ့ ပမာဏက နည်းပါတယ်။ ပြီးခဲ့တဲ့နှစ်က ၃ ဒသမ ၆ သန်းဆိုတာ နှစ်ခြောက်ဆယ်နဲ့ ခုနစ်ဆယ်ကြားမှာ ရှိတဲ့ Record ကို စံချိန်ချိုးတာပါ။ စံချိန်ချိုးတဲ့ ကာလကျတော့ ပြီးခဲ့တဲ့နှစ်မှာ မှန်းတာ ၂ သန်းပေါ့။ ၂ သန်းကနေ ၃ ဒသမ ၆ သန်းလောက်အထိ တန်ချိန်ကို ပို့နိုင်ခဲ့တယ်။ အခုလာမယ့်နှစ်မှာ ခန့်မှန်းခြေ သုံးသန်းခွဲ သို့မဟုတ် လေးသန်းလောက်အထိ ကျနော်တို့ မှန်းထားတယ်။ ကျနော်တို့ လက်ရှိ အခုကာလ ဒီတလ၊ နှစ်လအတွင်းမှာ ကမ္ဘာ့ဆန်ဈေးကွက်ကို ပြန်ကြည့်မယ်ဆိုရင် ထိုင်းနဲ့ ဗီယက်နမ် ဆန်ဈေးက ကျသွားတယ်။ သူတို့က ဘာလို့ကျလဲဆိုတော့ အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးအရ ဒါကို Convert လုပ်တဲ့အခါမှာ ဈေးကွက်ကို လက်ဦးမှုယူပြီး သူတို့က ချရောင်းတာပေါ့။ ပြီးခဲ့တဲ့ တလကျော်၊ ၄၅ ရက်လောက်မှာ ဆန်ဈေး ၅ မတ်ဆန် ၁ တန်ကို FOB ၄၃၀ ကနေ ၄၃၅ အထိ ရောင်းနေရာကနေ အခုဆိုရင် တောက်လျှောက်ကျတယ်။ တတန်ကို ၃၇၀ လောက်နဲ့ ရောင်းနေတယ်။ ကျနော်တို့က ဆန် ၁ တန်ကို ၄၂၅ ဒေါ်လာ FOB ရန်ကုန်ဈေးကို အဲဒီထက် ချရောင်းလို့မရတဲ့ အခက်အခဲ ကျနော်တို့မှာရှိတယ်။ လာမယ့် နှစ်လ၊ သုံးလအတွင်းမှာ ဈေးချရောင်းနိုင်ဖို့ဆိုတာ ပြည်တွင်းဈေးကလည်း ကျမှ။ ဆိုလိုချင်တာက ပြည်တွင်းဈေးကို လိုက်ချနိုင်ရင် ကျနော်တို့ လိုက်ချရောင်းနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ပြည်တွင်းဈေးအရလည်း ဒီနှစ်မှာစပြီး MSP ခေါ်တဲ့ Minimum Support Price အခြေခံရည်ညွှန်းဈေးကို စပြီး ကြေညာပေးထားတယ်။ ကြေညာပေးထားတဲ့အတွက် စပါး တင်း ၁၀၀ ကို ၅ သိန်းဈေးနဲ့ သတ်မှတ်ပြီး ကြေညာပေးထားတဲ့အခါမှာ စပါးဈေးက အနိမ့်ဆုံး ၆ သိန်း ၄ သောင်း၊ ၆ သိန်း ၅ သောင်း၊ ၇ သိန်းကြားမှာ ရှိနေတယ်။ ပြည်တွင်းဈေးကလည်း အများကြီးကျနိုင်တဲ့ အနေအထားမှာ မရှိဘူး။ ကျနော်တို့က ထိုင်းတို့၊ ဗီယက်နမ်တို့ကို ယှဉ်ပြီး ၁ တန်ကို ၃၈၀ တို့ လိုက်ချပြီး ရောင်းနိုင်တဲ့ အနေအထားမှာ မရှိဘူး။ ကျနော်တို့ရဲ့ Export ကျသွားမယ့် အနေအထားမှာ ရှိတယ်။ နောက်တခုက အသင်းချုပ်က ပြန်တွက်တဲ့အခါမှာ တန်ချိန် ၂ သန်းနဲ့ ၂ သန်းခွဲကြားလောက်ပဲ တင်ပို့နိုင်မယ်လို့ ဒီနှစ်မှာ သုံးသပ်ရတယ်။ ပြီးခဲ့တဲ့နှစ်က ၃ ဒသမ ၆ သန်းဆိုတော့ ဒီနှစ် ၄ သန်းလောက်အထိ မှန်းထားတယ်။ ကြားထဲမှာ ပိုလာတဲ့ပမာဏက ပြည်တွင်းမှာ လက်ကျန်များသွားမယ့် အနေအထား ရှိတယ်။ ယူအက်စ်ဒေါ်လာဈေးအရ မြန်မာငွေ Float လုပ်လိုက်တဲ့အတွက် ဒီလိုမျိုး ပိုရလာတယ်ဆိုရင် ပိုအကျိုးအမြတ် ရှိလာမလားဆိုတာ ဒီအချိန်တိုကာလ တလ၊ တလခွဲလောက်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်နိုင်ငံတွေ ဆန် Export လုပ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ ကျနော်တို့ အများကြီး မရောင်းတော့ ဝင်လာမယ့်ဟာပေါ့။ မနှစ်က ၃ ဒသမ ၆ သန်းနဲ့တွက်ပြီး ဝင်လာမယ်။ ယူအက်စ်ဒေါ်လာ ၁ ဘီလီယံလောက်ရှိခဲ့တယ်။ ဒီနှစ်ဆိုရင် ၂ သန်းနဲ့တွက်လိုက်ရင် သန်း ၇၀၀ ဆိုရင် သန်း ၃၀၀ လောက် လျော့ပြီး အရနည်းသွားမယ့် အနေအထားမှာ ရှိတယ်။ ဒါကိုပြန်ကြည့်မယ်ဆိုရင် သီအိုရီအရ အမြဲတမ်းတော့ မမှန်ဘူးပေါ့။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024