ရေဘေးသင့်ပြည်သူများအတွက် ပန်းချီရေးဆွဲ အလှူခံ
DVB
·
August 12, 2018
မြန်မာတဝှမ်း ရေဘေးကြုံတွေ့နေကြရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာနာပြီး လှူဒါန်းနိုင်ဖို့ ပန်းချီပညာရှင် ၁၆ ဦးက မန္တလေး၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်း ၆၆ လမ်း ကျုံးထောင့်မှာ စုပေါင်းပြီး လုပ်အားဒါနအနေနဲ့ ပန်းချီရေးဆွဲနေကြပါတယ်။
“ကျနော်တို့ မြန်မာပြည်မှာ အောက်ပြည်ဘက် ရေတွေအရမ်းကြီးလို့ ဒါကို ကိုယ်ချင်းစာမိကြပြီး ပန်းချီပညာရှင်တွေက စုပေါင်းပြီး ရေးဆွဲလို့ရတဲ့ ငွေတွေကို ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းသွားမှာပါ။ အဓိကကတော့ ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလို ကျုံးဘေးမှာ လာရောက်ရေးဆွဲကြတာ။ ကိုယ်တတ်တဲ့ ပန်းချီပညာလေးနဲ့ ငွေရှာပြီး ထောက်ပံ့သွားမှာဖြစ်တယ်။ ပြည်သူများအနေနဲ့လည်ည်း ငွေ ၅၀၀၀ ကျပ်ပေးလှူပြီး ပန်ချီကားတချပ် လက်ဆောင်ပြန်ယူသွားနိုင်တယ်” လို့ ပန်းချီးသက်တမ်း ၅၀ ကျော်ရှိတဲ့ ဦးသစ်ထွဏ်းက ပြောပါတယ်။
”ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့ဆိုရင် အချိန်အနေနဲ့လည်း ပေးရမယ်လေ။ ဒါကတော့အမှတ်တရ ပုံတူပန်းချီလေးလည်း ဆွဲရင်း လှူလိုက်တယ်ဆိုတော့ ကိုယ်လိုချင်တာဘေးလည်းရတယ်၊ လှူပြီးသားလေးလည်း ဖြစ်သွားတယ်” လို့ လာရောက်လှူဒါန်းသူ မမေမြတ်စံက ပြောပါတယ်။
ပန်းချီဆရာတွေအနေနဲ့ လူထုဧရိယာဖြစ်တဲ့ ကျုံးထောင့်မှာ သြဂုတ် ၁၂ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ရေးဆွဲသွားမှာလည်း ဖြစ်တယ်။
အခုလို ရေဘေးသင့်ပြည်သူတွေကို ရန်ပုံငွေရှာပြီး လှူဒါန်းလာတာဟာ ပထမဆုံးနှစ် သိန်း ၁၅၀ ကျော်၊ ဒုတိယနှစ်က သိန်း ၁၀၀ ကျော် လှူဒါန်းခဲ့ပြီး အခုအကြိမ်မှာလည်း ယခင်နှစ်တွေကလို ရေဘေးသင့်ပြည်သူတွေရှိတဲ့ ဒေသတွေကို သွားရောက်လှူဒါန်းမှာလည်း ဖြစ်ပါတယ်။