ရိုမေးနီးယား ဆန္ဒပြပွဲတွင် လူ ၄၅ဝ ကျော် ဒဏ်ရာရ၊ ၃ဝ ဖမ်းဆီးခံရ

ရိုမေးနီးယားနိုင်ငံမြို့တော် ဘူချာရက်စ်မှာ အဂတိလိုက်စားမှု ဆန့်ကျင်ရေး စနေနေ့ည ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် လူ ၄၅ဝ ကျော် ဒဏ်ရာရခဲ့ပြီး အယောက် ၃ဝ ဖမ်းဆီးခဲ့တယ်လို့ လွတ်လပ်သောဥရောပအသံ(RFE) သတင်းမှာ ဖော်ပြပါတယ်။ အစိုးရရုံးပင်မ အဆောက်အအုံ အပြင်ဘက်ရင်ပြင်မှာ  ဖြစ်ခဲ့တဲ့ ဒီဆန္ဒပြပွဲဟာ သောကြာနေ့တုန်းက စတင်တဲ့ ဆန္ဒပြပွဲရဲ့ ဒုတိယည ဆန္ဒပြပွဲဖြစ်ပါတယ်။ လက်ဝဲယိမ်း အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဟာ ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။ ငရုပ်ကောင်းဖြန်းဆေးတွေနဲ့ မျက်ရည်ယိုဗုံးတွေကြောင့် ဆန္ဒပြသူတော်တော်များများ ကုသမှုခံယူခဲ့ရတယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင် ၃ဝ နီးပါးလည်း ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၁၁ ဦးကို ဆေးရုံပို့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ အင်အားအလွန်အကျွံ သုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဒေသခံမီဒီယာတွေကတော့ လမ်းပေါ်တက်ဆန္ဒပြသူ ရှစ်သောင်းနီးပါးအထိ ရှိတယ်လို့ ပြောထားပြီး အဲဒီထဲက အများစုဟာ အစိုးရရဲ့ အဂတိလိုက်စားမှုကို မကျေနပ်လို့ ရိုမေးနီးယားကို ပြန်လာတဲ့ ပြည်ပရောက်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up