Home
မြန်မာသတင်း
ရသစာပေကြောင့် အမြင်ကျယ်ပြီး လမ်းမှန်ရွေးရန် အထောက်အပံ့ဖြစ်စေဟု အတိုင်ပင်ခံပြော
DVB
·
August 11, 2018
ရသစာပေကြောင့် အမြင်ကျယ်စေပြီး လမ်းမှန်ကို ရွေးဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မန္တလေးမှာ ဒီနေ့ ကျင်းပနေတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်က စာပေစကားဝိုင်းမှာ ပြောခဲ့တာပါ။ ဒီစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်အသီးသီးက ကိုယ်စားပြု ကျောင်းသူ ကျောင်းသား ၂ဝ တို့ စာအုပ်စာပေအကြောင်း ပြောဆို ဆွေးနွေးခဲ့ကြပြီး ရသစာပေအကြောင်း အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုစာအုပ်တွေ ဖတ်ခြင်းအားဖြင့် ကိုယ့် အမြင်ကို ကျယ်စေတယ်။ အတွေးအခေါ်သစ်တွေ ရစေတယ်။ လူမှုရေး၊ နိုင်ငံရေးမှာ အဖြေမှန်တခုတည်းရှိတယ် ဆိုတာ မဟုတ်ဘူး။ ၂ ခု၊ ၃ ခုရှိနိုင်တယ်။ ဒါပေမယ့် လူ့ ဘဝမှာ ဆိုရင်တော့ ကိုယ့်လမ်းတခုပဲ ရွေးရတာပဲ။ ရွေးပြီးရင် အောင်မြင်အောင် ကြိုစားရမယ်။ အကယ်၍ အောင်မြင်မှု မရှိဘူး၊ ဒီလမ်းကတော့ မဟုတ်သေးပါဘူးလို့ ထင်ရင် ပြောင်းရဲတဲ့ သတ္တိရှိရမယ်။ ပြောင်းသင့်ပြီဆိုတဲ့ အသိကလည်း ရှိရမယ်။ ပြောင်းရဲတဲ့ သတ္တိကလည်း ရှိရမယ်။ အဲဒါကျတော့ ရသ စာပေက အများကြီး အထောက်အပံ့ပေးတယ်။ နောက်ဆုံးကျတော့ ရသစာပေရဲ့ အင်အားက အတွေးကို ကျယ်ပြန့်စေတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဆွေးနွေးတဲ့ ကျောင်းသူ ကျောင်းသားတွေကလည်း သူတို့ ဖတ်ရှု နှစ်ခြိုက်ခဲ့တဲ့ စာအုပ်တွေနဲ့ အကြောင်းအရာတွေ၊ ဘာကြောင့် ကြိုက်နှစ်သက်တယ်ဆိုတာတွေကို ပြောဆိုခဲ့ပါတယ်။ မန္တလေး ဆေးဝါးတက္ကသိုလ် တတိယနှစ်ကျောင်းသူ မပပလင်းက “၁ဝ တန်းပြီးမှ စာ စ ဖတ်ဖြစ်တာပါ။ ဒါတောင်မှ မိဘအသိုင်းအဝိုင်းတွေက မဖတ်ခိုင်းဘူးရှင့်။ အဲတော့ မိဘ အသိုင်းအဝိုင်းတွေကို ဖတ်စေချင်ပါတယ်။ တကယ်လို့သာ ငယ်ငယ်ကလေးတည်းက စာဖတ်တယ်။ ကိုယ်ဘာဖြစ်ချင်နေလဲ ဆိုတာ ကိုယ်သိခဲ့မယ်ဆိုရင် လူမှန် နေရာမှန်မှာ ရောက်ပြီးတော့ အောင်မြင်တဲ့ ပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က “မိဘတွေကိုယ်တိုင်ကလည်း စာပေနဲ့ ရင်းနှီးဖို့လိုတယ်။ နောက်တခုက မိဘတွေက ရသစာပေမဖတ်စေချင်တာက စာမကျက်မှာစိုးလို့။ ဒီစာတွေဖတ်နေပြီး ကျောင်းစာမကျက်မှာ စိတ်ပူတာလည်း ရှိပါတယ်။ ဒါကလည်း အတိုင်းအတာတခုအထိ မှန်ပါတယ်။ တချိန်လုံးပဲ ကိုယ်ဖတ်ချင်တဲ့စာကိုပဲ ဖတ်ပြီး ကျောင်းစာ မဖတ်တော့ရင်လည်း စာမေးပွဲကျမှာပေါ့” လို့ ပြောပါတယ်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို သြဂုတ် ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024