အမေရိကန် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန် လိုအပ်ဟု ဒုသမ္မတပြော

အမေရိကန်ကာကွယ်ရေးဌာန (ပင်တဂွန်) ဟာ အာကာသကွပ်ကဲရေးဌာနချုပ်  တည်ထောင်ဖို့ ကြိုးပမ်းနေပြီး အာကာသတပ်ဖွဲ့ လိုအပ်တယ်လို့ ဒုသမ္မတ မိုက်ပန့်စ်က ပြောကြားခဲ့ပါတယ်။ “အခုဆိုရင် အမေရိကန် ကာကွယ်ရေးဌာန ပင်တဂွန်ဟာ အမေရိကန်အာကာသကို ကာကွယ်ဖို့ အာကာသကွပ်ကဲရေးဌာနချုပ်ကို တည်ထောင်ပါတော့မယ်။ အဲဒီကွပ်ကဲရေးဌာနချုပ်သစ်ဟာ အာကာသတပ်ဖွဲ့ ဖွဲ့စည်းဖို့ ပထမ ခြေလှမ်းတရပ်ဖြစ်တယ်” လို့ ဒုသမ္မတ မိုက်ပန့်စ်က သြဂုတ် ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီအာကာသတပ်ဖွဲ့ဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ အာကာသရန် ခြိမ်းခြောက်မှုတွေကို တန်ပြန်ကာကွယ်ဖို့ပဲ  ဖြစ်ပါတယ်။ “ကျနော်တို့ ရန်သူတွေဟာ လုပ်ရပ် ထင်ရှားလာသလိုပဲ အာကာသကို စစ်မြေပြင် တခုအဖြစ် အသွင်ပြောင်းပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီစိန်ခေါ်မှုကို ရှောင်လွှဲမှာ မဟုတ်ပါဘူး” လို့ ဒုသမ္မတ မိုက်ပန့်စ်က ပြောကြားခဲ့ပါတယ်။ ဒီလိုတပ်ဖွဲ့ ဖန်တီးတာမျိုးကို မလုပ်ဆောင်တာ ဆယ်စုနှစ်ချီခဲ့ပါပြီ။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ပြီးနောက်မှာ လေကြောင်း အရေးပါပုံကို သဘောပေါက်ခဲ့ကြပြီးနောက် ထောက်ခံအားပေးသူတွေက အာကာသတပ်ဖွဲ့ဟာ အမေရိကန် စစ်ဘက်အတွက် နောက်ခြေလှမ်းတရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ “အာကာသဟာ စစ်ရေးနဲ့ စီးပွားရေးရာ တခုလုံးအတွက် အရေးပါပါတယ်။ ဒီအတွက် အာကာသအတွင်း နေထိုင်အလုပ်လုပ်ကြမယ့် တပ်ဖွဲ့ဝင်တွေ လိုအပ်လာမှာ ဖြစ်ပါတယ်။ အဲဒါကို သူတို့ အာရိုစိုက်တာဖြစ်ပါတယ်” လို့လည်း လေကြောင်းအာကာသလုံခြုံရေး ပရောဂျက် ဒါရိုက်တာ တော့ဒ်ဟယ်ရင်ဆင်ကပြောခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်ကလည်း အခုအခါ  အာကာသစီမံခန့်ခွဲမှု အစီအစဉ်တွေကို ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။ အာကာသကွပ်ကဲရေးဌာနချုပ်ကို စစ်ဘက်အာကာသ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းပြီး လူလိုက်ပါခြင်း မရှိတဲ့ ဂြိုဟ်တုတွေကို ကာကွယ်ရေး၊ ဒုံးကျည် ကာကွယ်ရေး သတိပေးချက်တွေနဲ့ ၈ျီပီအက်စ် လုပ်ဆောင်ချက်တွေကို  ဆက်လက် ကာကွယ်ပေးမှာဖြစ်ပါတယ်။ သမ္မတ ထရမ့်အစိုးရအနေနဲ့ လာမယ့် ၂၀၂၀ မှာ အာကာသတပ်ဖွဲ့ကို ဖွဲ့စည်းလိုတယ်လို့ ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up