မူးယစ်ဆေးသယ် ကား ၂ စီး မောင်းပြေး၍ ပစ်ခတ်ဖမ်းဆီး၊ ၁ ဦး ဒဏ်ရာရ
DVB
·
August 11, 2018
တာချီလိတ်မြို့နယ်အတွင်း သြဂုတ် ၁၀ ရက်နေ့က စိတ်ကြွမူးယစ်ဆေးပြား တင်လာတဲ့ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ မောင်းပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာ လူ ၁ ဦး ဒဏ်ရာရှိပြီး ယာဉ်မောင်းတွေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ မြို့မရဲစခန်းက သိရပါတယ်။
မူးယစ်ဆေးဝါးသတင်းအရ မိုင်းဟဲကျေးရွာအုပ်စုအနီးက ယန်းခေါင်းကျေးရွာအနီးမှာ စုပေါင်းအဖွဲ့နဲ့ ပိတ်ဆို့စစ်ဆေးနေချိန် Hilux Revo နဲ့ Fotuner ကားနှစ်စီးကို ရပ်တန်ခိုင်းချိန်မှာ မော်တော်ယာဉ်ကို ပြန်လှည်ပြီး ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတာဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူတဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုက ပြောပါတယ်။
"သေနတ်မှန်တဲ့သူကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်၊ ခေါင်းကို ထုတ်ချင်းပေါက် မှန်သွားတဲ့အတွက်ပါ။ ထွက်ပြေးသွားတဲ့ ကားတွေနောက်ကို မနေ့က စရဖ၊ မူးယစ်တို့ ပူးပေါင်းအဖွဲ့တွေက လိုက်ပြီး ဖမ်းဆီးခဲ့တာပါ။ အခုအမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်" လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကားတွေနောက် လိုက်လံဖမ်းဆီးခဲ့ချိန်မှာတော့ လွယ်တော်ခမ်းကျေးရွာအုပ်စုထဲက စန်းလု (အောက်) ရွာအနီးမှာ မော်တော်ယာဉ်မောင်းတွေက ကားတွေကို စွန့်ပစ်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"ကျန်တဲ့ကားတွေက ထွက်ပြေးသွားလို့ လိုက်ပြီး ဖမ်ဆီးတာ တောလမ်းအတိုင်း ထွက်ပြေးသွားတာ၊ လျိုထဲမှာကားထားပြီး ထွက်ပြေးသွားတယ်" လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးအရေအတွက် ၇.၈၂ သန်းရှိပြီး ဆက်စပ်တရားခံတွေကို လိုက်လံစုံစမ်းပြီး တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
(ကိုဇက်)