Home
မြန်မာသတင်း
မွန်ပြည်နယ် မြို့ဝင်ကြေးကောက်ခံရရှိမှု ခန့်မှန်းသည်ထက် ပိုရမည်ဟု စည်ပင်ပြော
DVB
·
August 11, 2018
မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံရရှိငွေတွေဟာ ခန့်မှန်းထားတာထက် ပိုမိုရရှိမယ်လို့ စည်ပင်က ပြောကြားလိုက်ပါတယ်။ မွန်ပြည်နယ် ၁ဝ မြို့နယ်အပြင် လမိုင်းမြို့တို့မှာ မြို့ဝင်ကြေးကောက်ခံရငွေတွေဟာ ဧပြီကနေ စက်တင်ဘာ ကုန်ဆုံးမယ့် ၆ လတာ မီနီဘတ်ဂျက်ကာလအတွင်း ကျပ် ၄၈၂ သန်းသာ ရရှိမယ်လို့ ခန့်မှန်းထားပေမယ့် ဧပြီကနေ ဇွန်လအထိ ကောက်ခံရငွေဟာ ၃၉၁ သန်းအထိ ရရှိခဲ့တဲ့အတွက် ဘတ်ဂျက်အကုန်မှာ ခန့်မှန်းထားတာထက် ပိုရမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောပါတယ်။ “ပြန်ယှဉ်လိုက်မယ်ဆိုရင်တော့ ၆ လဘတ်ဂျက်ကုန်တဲ့အချိန်မှာ ကျပ်သန်း ၄၈၂ သန်းထက်ပိုပြီးတော့ ရရှိမယ်လို့ ခန့်မှန်းလို့ရနေပြီ။ အများဆုံးရတဲ့မြို့တွေက မုဒုံရယ်၊ သထုံရယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းဖြစ်တယ်။” မြို့ဝင်ကြေးတွေကို မုဒုံ၊သထုံ၊ ကျိုက်ထို နဲ့ဘီးလင်းမြို့တွေမှာ ပျမ်းမျှ တလကို အနည်းဆုံး သိန်း ၂ဝဝ ဝန်းကျင်နဲ့ သိန်း ၂၃ဝ ဝန်းကျင်ကြားရရှိပြီး ရာသီဥတု ဆိုးရွားလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတဲ့ အချိန်မှာတော့ ကောက်ခံရငွေ လျော့ကျလေ့ရှိတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။ မြို့ဝင်ကြေးကောက်ခံမှုကို အရင်က လေလံစနစ်နဲ့ ရွှေသံလွင်နဲ့ အေးကိုကုမ္ပဏီတွေကို ကောက်ခံစေခဲ့ပေမယ့်လည်း ဌာနအနေနဲ့ ဝင်ငွေရရှိမှု နည်းပါးတာကြောင့် ၂ဝ၁၇ ခုနှစ်၊ ဇွန်လက စပြီး စည်ပင်သာယာရေးအဖွဲ့က ကိုယ့်ဝန်ထမ်းတွေနဲ့ကိုယ်တိုင်ကိုယ်ကျ ကောက်ခံခဲ့တာပါ။ လေလံစနစ်နဲ့ ကောက်ခံစေခဲ့စဉ်က ၁ဝ လတာ ဘတ်ဂျက်အကုန်မှာ ကျပ်သန်းပေါင်း ၅၉၉ သန်းသာ ရရှိမှာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ကောက်ခံခဲ့တဲ့အပေါ် ကွာခြားချက်တွေကို ဦးမြင့်အောင်က အခုလိုပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ၁၂ လ အပြည့်ကောက်တာမဟုတ်ဘူး။ ဇွန်လကနေ စပြီး ၁ဝ လစာပဲ ကောက်တာ၊ ကျပ်သန်း ၁၁၁၂ သန်းလောက်ရတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က သထုံမြို့နယ်နဲ့မော်လမြိုင်မြို့တွေမှာ အများဆုံးရရှိခဲ့ပြီး မြို့ဝင်ကြေးကောက်ခံရရှိငွေတွေနဲ့ လမ်းခင်းတာ၊ ရေပေးဝေရေး၊ သန့်ရှင်းရေးနဲ့ အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပြီး မြို့ဝင်ကြေးဖျက်သိမ်းပေးဖို့ တောင်းဆိုနေသူတွေ များပြားနေပေမယ့်လည်း ဖျက်သိမ်းဖို့ အစီစဉ်မရှိဘဲ ဆက်လက်ကောက်ခံသွားမယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က မွန်ပြည်နယ်လွှတ်တော်၊ ဒဿမ ပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ “ကားစီးနိုင်တဲ့ ချမ်းသာတဲ့ လူတွေဆီကပဲ ကောက်တာဖြစ်တဲ့အတွက် ၁ဝဝ၊ ၂ဝဝ ဆိုတာက ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ပါဝင်သင့်တယ်ထင်လို့ ဆက်ကောက်တာ။ ၁ လ ဆိုရင် ထောင်နှင့်ချီ (သိန်းပေါင်း) ပြီး ရတယ်။ ၁ဝ လမှာဆိုရင် ၁သောင်းနဲ့၁ထောင်ကျော်(သိန်းပေါင်း) ရပြီးပြီပဲ။ အားလုံးပေါင်း ၁ သောင်း ၅ ထောင်လောက်ရတယ်။ ကုန်ကျစရိတ်နုတ်ပြီးတော့ ၁ သောင်း ၁ ထောင်လောက်ကျန်တယ်။ ၁ ဘီလီကျော်ကျန်တာပေါ့။” မြို့ဝင်ကြေးကောက်ခံတာတာကို ရခိုင်ပြည်နယ်မှာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်ဆိုပြီး ဖျက်သိမ်းလိုက်ပြီဖြစ်သလို မကွေးတိုင်းဒေသကြီးမှာလည်း မြို့ဝင်ကြေးကောက်ခံတာကို ဖျက်သိမ်းဖို့ အစိုးရအဖွဲ့က စီစဉ်နေပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024