Home
ဆောင်းပါး
တနိုင်ငံလုံး ဝိုင်း
DVB
·
August 9, 2018
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေးစကားဝိုင်းအတွက် ပါဝင်ဆွေးနွေးမည့် ကျောင်းသား ကျောင်းသူများ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိ၊ ဒီမိုကရေစီ နည်းမကျဘဲ ရွေးချယ်မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း၊ ရုပ်ရည်ချောမောမှုကို အခြေခံ ရွေးချယ်ထားသည်ဟု အံ့အားသင့်ဖွယ်ရာ သိခဲ့ရကြောင်း ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူတက္ကသိုလ်) ကျောင်းသားသမဂ္ဂမှ ဥက္ကဋ္ဌ ကိုအောင်အောင်က စံတော်ချိန်သို့ ပြောဆိုသည်။" ဒီသတင်းလေးက သြဂုတ် ၃ ရက်ထုတ် စံတော်ချိန်သတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ သတင်းဖြစ်တယ်။ မကြာခင်ကာလအတွင်း ပခုက္ကူမှာ လုပ်ဖို့ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအတွက် ကြိုတင်ပြင်ဆင်မှုကနေ ထွက်ပေါ်လာတဲ့ သတင်း ဖြစ်တယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို တီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်ပြသလေ့ ရှိတော့ ရုပ်ချောတဲ့သူတွေကို ရွေးတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ရုပ်ချောရုံတင် မဟုတ်ဘဲ ပင်ကိုအသံလည်း အထိုက်အလျောက်ကောင်းမှ ပြီးတော့ အရေးအကြီးဆုံး အရည်အချင်းဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ဂဃနဏ သိထားသူ ဖြစ်မှလည်း အဆင်ပြေမှာပေါ့။ တခါ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ခြုံငုံသိထားသူ၊ မြန်မာ့သမိုင်းကို အထိုက်အလျောက် သိထားသူလည်း ဖြစ်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းထဲ ဝင်နိုင်တော့မပေါ့။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို အခုနှစ်ပိုင်းမှာ အရှိန်အဟုန်မြှင့် လုပ်လာတာ သတိထားမိတယ်။ ဒီနှစ်ထဲမှာတင် ဧပြီလက ဧရာဝတီတိုင်း၊ မြောင်းမြမှာ ငြိမ်းချမ်းရေးစကားဝိုင်းတခု၊ ဇွန်လထဲမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေးစကားဝိုင်းတခု လုပ်ခဲ့တယ်။ ဇူလိုင်လထဲမှာ ကရင်ပြည်နယ်၊ ဘားအံမှာလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကတော့ ရေကြီးတဲ့ သဘာဝဘေးဒဏ်ကြောင့် ရွှေ့ဆိုင်းလိုက်ရတယ်။ အခုတခါ ပခုက္ကူမှာ သြဂုတ်လထဲ ငြိမ်းချမ်းရေးစကားဝိုင်းတခုလုပ်ဖို့ ပြင်ဆင်လာပြန်တာဖြစ်ပြီး ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရတယ်။ ၂၀၁၇ ခုနှစ် နှစ်ဆန်းတရက်ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှာ နေပြည်တော်က MICC II ခန်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတခုကို ပထမဆုံး ကျင်းပပြုလုပ်ခဲ့တယ်။ ပထမဆုံးလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူတွေ ပိုင်ဆိုင်တယ်ဆိုတာ သိစေချင်လို့ ငြိမ်းချမ်းရေးစကားဝိုင်းလုပ်တာလို့ ပြောခဲ့တယ်။ "၂၀၁၇ ခုနှစ်ရဲ့ အစပိုင်းဖြစ်တဲ့ ဒီနေ့မှာဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေကို စချင်တယ်လို့ ကျမ ဆုံးဖြတ်တာဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေ ဆိုတာဟာ အခု ငြိမ်းချမ်းရေးအတွက် ရုန်းကန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ကျမတို့ အစိုးရအဖွဲ့များ ဆွေးနွေးတာကို ပြောတာ မဟုတ်ပါဘူး၊ ကျမတို့ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်၊ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ အားလုံး ပါလာအောင်လို့ နောက်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်လို အမြင်တွေရှိလဲ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ စိန်ခေါ်မှုတွေကို ဘယ်လို ကိုင်တွယ်ဖို့များ ရည်ရွယ်ချက်တွေရှိလဲဆိုတာ ကျမတို့ သိဖို့လိုပါတယ်၊ အားလုံးလက်တွဲပြီးမှ လုပ်လို့ရှိလို့ရှိရင် အောင်မြင်မယ့်ကိစ္စတခုပါ၊ ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသား အားလုံးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့လည်းပိုင်တယ်ဆိုတဲ့စိတ် ရှိလာအောင်လို့ပါ၊ ပိုင်ဆိုင်မှုပေါ့နော်၊ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာဟာ တနိုင်ငံလုံးရဲ့ ပိုင်ဆိုင်မှု ဖြစ်ရမယ်။" တိုင်းရင်းသားလူငယ် ၁၈ ဦးနဲ့ စတင်ခဲ့တဲ့ နေပြည်တော်က ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ဆက်လုပ်ချင်သေးတယ်လို့ ပြောခဲ့သလို နောက်ပိုင်း ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာလည်း မြေတိုင်ကန်စကားဝိုင်းကလွဲပြီး ကျန်စကားဝိုင်းတွေမှာ လူငယ်တွေအများစု ပါဝင်တာ တွေ့ရတယ်။ ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာပဲ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရဲ့ အမျိုးသမီးလှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ် အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ (Business Talk) ဆိုတဲ့ စကားဝိုင်းတခုကိုလည်း နေပြည်တော်မှာ လုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို အစဉ်လိုက် ရက်စွဲထိုးကြည့်ရင် ၂၀၁၇၊ ဇန်နဝါရီ ၁ ရက်မှာ နေပြည်တော်စကားဝိုင်း၊ အဲ့ဒီနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ရှမ်းပြည်နယ်က ပင်လုံမြို့မှာ ဒုတိယ ငြိမ်းချမ်းရေးစကားဝိုင်း၊ အဲ့ဒီနှစ် ဧပြီလ ၁၁ ရက်မှာ နေပြည်တော်၊ ကျေးလက်တောရွာနေ လူငယ်များနဲ့ ငြိမ်းချမ်းရေးစကားဝိုင်း၊ အဲ့ဒီ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၇ ရက်မှာ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်း၊ နှစ်ကုန်ခါနီး ဒီဇင်ဘာ ၂၉ မှာတော့ ကယားပြည်နယ်၊ လွိုင်ကော် ငြိမ်းချမ်းရေးစကားဝိုင်းဆိုပြီး ပြီးခဲ့တဲ့နှစ်ထဲ ပြည်နယ်တိုင်း လေးခုမှာ ငြိမ်းချမ်းရေးစကားဝိုင်း ၅ ကြိမ် လုပ်ခဲ့တယ်။ ၂၀၁၈ ခုနှစ်ထဲမှာတော့ စောစောကပြောခဲ့သလို မြောင်းမြနဲ့ မော်လမြိုင်မှာ လုပ်ခဲ့ပြီးဖြစ်ပေမယ့် ကရင်၊ ဘားအံမှာလုပ်မယ့် ပွဲကတော့ ရက်ရွှေ့ဆိုင်းထားရတယ်။ ၂၀၁၇ ခုနှစ်ထဲ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ၅ ခုထက်မနည်းကို ဒီနှစ်ထဲ ဆက်လုပ်သွားဖို့ရှိပြီး ဒီစကားဝိုင်းတွေကတဆင့် ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဝင်တစား ပိုမိုပါဝင်လာဖို့ ရည်မျန်းချက် ထားပုံရတယ်။ နောက်တခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏ ပြောပြောနေသလို ငြိမ်းချမ်းရေးအသံကို ကျယ်ကျယ်အော်ပြောပေးမှ ကြားနိုင်တဲ့ အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးစကား ကြားနိုင်အောင် ရည်ရွယ်သလို ဘယ်သူ ဘယ်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုတာကို ပြည်သူတွေ ပိုသိလာအောင် ဒီစကားဝိုင်းတွေကနေ ကြိုးပမ်းအားထုတ်ပုံလည်း ရတယ်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ ပြည်သူလူထုတို့ နဖူးတွေ့ ဒူးတွေ့ တွေ့ပြီး ပြောဆိုဆွေးနွေးကြတဲ့ မြင်ရခဲတဲ့ မြင်ကွင်းမျိုး မြင်ရကြားရတာ မင်္ဂလာရှိပြီး တိုင်းပြည်အနာဂတ်အတွက် အားတက်မိတယ်။ အခုနောက်ပိုင်း ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ မဖြစ်သင့်တဲ့ ကိစ္စရပ်တွေ ထွက်ပေါ်လာပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချက်ချင်းလက်ငင်း ဖြေရှင်းပေးနေတာ တွေ့လာရတယ်။ ဒီအချက်ကလည်း ငြိမ်းချမ်းရေးစကားဝိုင်းတွေရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေပဲဖြစ်ပြီး အောက်ခြေမှာ ဒါမျိုးတွေ တကယ်ရှိနေတာ ခေါင်းဆောင်တွေ သိကြရတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို နိုင်ငံအနှံ့ ဆက်လုပ်ပြီး ပြည်သူ့ဆန္ဒ ဆက်ဖော်ထုတ်ပေးပါ။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024