Home
မြန်မာသတင်း
ပုဂံဒေသရှိ ကျေးရွာများကို ရှေးဟောင်းရွာများအဖြစ် တင်သွင်းထား
အာကာ
·
August 9, 2018
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းဖို့အတွက် ကြိုးစားနေတဲ့အပြင် ပုဂံဒေသမှာပါတဲ့ ရွာတွေကိုလည်း ရှေးဟောင်းရွာတွေအနေနဲ့ တင်သွင်းထား တယ်လို့လည်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုညွှန်ကြားရေးမှူး ဦးအာကာကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ပုဂံဒေသမှာရှိတဲ့ ဘုရားတွေကို အမွေအနှစ်စာရင်း တင်သွင်းတဲ့အခါမှာ ပုဂံဒေသမှာပါတဲ့ ရွာတွေကိုလည်း ရှေးဟောင်းရွာတွေအနေနဲ့ ထည့်သွင်းတင်သွင်းတယ်။ နဂိုကတည်းက ခရီးသွားတွေများတဲ့ ပုဂံဟာ ယူနက်စကို ဝင်သွားရင် ပိုပြီး ခရီးသွားတွေ များလာမယ်။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ်။ ထိန်းသိမ်းတဲ့အခါမှာလည်း အဓွန့်ရှည်လာမယ်။ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။” ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းဖို့အတွက် ယူနက်စကိုက လာမယ့် စက်တင်ဘာလမှာ လာရောက်စစ်ဆေးမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။ ဒုညွှန်ကြားရေးမှူး ဦးအာကာကျော်က “လာမယ့် စက်တင်ဘာလမှာ ယူနက်စကိုက စေလွှတ်လိုက်တဲ့အဖွဲ့က လာစစ်ဖို့ရှိတယ်။ ပြင်ဆင်နေကြပါတယ်။ ပုဂံမှာရှိတဲ့ ဘုရားပတ်ဝန်းကျင်တွေ သန့်ရှင်းဖို့လုပ်နေတာ ရှိတယ်။ ဒေသခံတွေ ပူးပေါင်းပါဝင်ဖို့ ဆောင်ရွက်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဧရိယာ အကျယ်ကြီးပေါ်မှာ ဘုရားပုထိုးတွေ၊ ကနုတ်တွေ၊ ပန်းချီတွေ ဒီလောက်အများကြီးနဲ့ အကြီးကြီးတွေ ရှိတယ်ဆိုတာ ကမ္ဘာမှာ ဒီတခုပဲရှိပါတယ်။ ဒါကို ယူနက်စကိုမှာ မပါသေးရင် ယူနက်စကိုရဲ့စာရင်းမှာ ကွက်လပ်တခု ဖြစ်နေမှာပါ” လို့ ပြောပါတယ်။ ယူနက်စကိုရဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်တွေထဲမှာ ဒေသခံတွေ သဘောတူညီဖို့၊ နိုင်ငံမှာ ထိန်းသိမ်းတဲ့ ဥပဒေပြဋ္ဌာန်းထားဖို့ စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ဘာရိန်းနိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့အမွေအနှစ် ညီလာခံကိုလည်း မြန်မာကိုယ်စားလှယ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ပြီး ပုဂံကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့  ထောက်ခံမှုရအောင် တင်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024