Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်များအတွက် အမှုစုံစမ်းစစ်ဆေးရေး ကုန်ကျစရိတ် ကျပ် ၁ သောင်း သတ်မှတ်ထား
ပိုင်စိုး
·
August 9, 2018
ရဲတပ်ဖွဲ့ဝင်တွေ အမှုစုံစမ်းစစ်ဆေးရေးအတွက် ကုန်ကျစရိတ်တွေကို ယေဘုယျ ကျပ်တသောင်း သတ်မှတ်ပေးထားပြီး လိုအပ်ရင် တင်ပြတောင်းခံဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ သြဂုတ် ၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ “အမှုများ စုံစမ်းစစ်ဆေးရာမှာ ကုန်ကျစရိတ်များအား ၂၀၁၅ ခုနှစ်မှစ၍ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး တရားခံ သယ်ယူစရိတ်၊ ပို့ဆောင်စရိတ် အနေဖြင့် အမှုကြီးတမှု ၅ သောင်းကျပ်၊ အခြား အမှုတမှု ၃ သောင်းကျပ်နဲ့ ကြိုတင်ကာကွယ်မှု တမှု ၁ သောင်းကျပ်၊ အမှုစုံစမ်းစစ်ဆေးစရိတ် အနေဖြင့် တသောင်းကျပ် ခွင့်ပြုပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁ ရက် ၃ လ ၂၀၁၇ ရက်စွဲပါစာဖြင့် အမှုစုံစမ်းစစ်ဆေးမှု သုံးစွဲကုန်ကျနိုင်မယ့် ခန့်မှန်းငွေ ပမာဏအား ပျမ်းမျှပြု၍ ယေဘုယျ သတ်မှတ်ချက်အနေဖြင့် ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာတော့ အမှုအတွက် လိုအပ်တဲ့ငွေကြေးတွေအပေါ် အခုလို စရိတ်ပေးတာ မရှိခဲ့ဘူးလို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။ “အရင်တုန်းက မရှိဘူး။ ရဲချုပ်ဇော်ဝင်း လက်ထက်မှာမှ အခုလို စပြီး ထုတ်ပေးတာ။ ဘယ်အချိန်က စလဲတော့ သေချာမမှတ်မိဘူး။ ကြိုတင်ကာကွယ်အမှုတွေအတွက် တသောင်းပေးတယ်ဆိုပေမယ့် မူးယစ်ဆေးလို အမှုတွေအတွက်ဆိုရင်တော့ မလောက်ဘူး။ ဘာပဲဖြစ်ဖြစ် မရတာနဲ့စာရင် ရလာတော့ ခံသာတာပေါ့” လို့ ပြောပါတယ်။ အမှုတွေအတွက် စစ်ဆေးသွားလာရာမှာ သုံးစွဲဖို့ ရန်ပုံငွေမရှိတာကြောင့် တရားလိုတွေက စိုက်ထုတ်သုံးစွဲဖို့ ပြောရတာမျိုးတွေရှိပြီး တိုင်ကြားတာ၊ အရေးယူခံရတာမျိုးတွေလည်း ရှိပါတယ်။ အမှုအတွက် မြေပြင်မှာ အမှန်တကယ် သုံးစွဲရတဲ့ ကုန်ကျစရိတ်တွေဟာ ယေဘုယျ အကြမ်းဖျင်း သတ်မှတ်နှုန်းထားတွေထက် ပိုသုံးတာ၊ လျှော့သုံးတာတွေအတွက် ရန်ပုံငွေတွေ တင်ပြတောင်းခံသွားကြဖို့ ၂၀၁၇ ခုနှစ် မေလမှာ စာနဲ့ အကြောင်းကြားထားတယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ ပြီးတော့ ဒီငွေတွေကို အမှုစစ်ရဲတွေကို အချိန်မီထုတ်ပေးနိုင်ဖို့ ဒီနှစ်ကစပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေမှာ ငွေစာရင်းဖွင့်လှစ်ထားရှိပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024