အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၁၀၅ ဦးရှိပြီ၊ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေ

အင်ဒိုနီးရှားနိုင်ငံမှာ တပတ်အတွင်း ဒုတိယအကြိမ်မြောက် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်တာနဲ့ ငလျင်ဒဏ်သင့်သူတွေကို နေရာပြောင်းရွှေ့ပေးတာတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့က ဒုတိယအကြိမ် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သြဂုတ် ၇ ရက်နေ့အထိ သေဆုံးသူ ၁၀၅ ဦး ရှိသွားပြီဖြစ်ပြီး အဆောက်အအုံ ထောင်ချီပျက်စီးခဲ့ကာ လူရာချီ ဒဏ်ရာရခဲ့ပါတယ်။ လွမ်းဘော့ကျွန်းမှာ သြဂုတ်လ ၅ ရက်နေ့က ပြင်းအား ၆ ဒသမ ၉  မဂ္ဂနီကျူ ရှိတဲ့ ငလျင်လှုပ်ခတ်အပြီး နောက်ဆက်တွဲ ငလျင်လှုပ်မှုအကြိမ်ပေါင်း ၂၃၀ ထိ ဖြစ်ခဲ့ပါတယ်။ သေဆုံးသူ မြင့်တက်လာနိုင်တဲ့ အခြေအနေ ရှိနေချိန်မှာပဲ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေကြားထဲမှာ အသက်ရှင်နိုင်မယ့်သူကို ဆက်လက်ရှာဖွေနေဆဲပါ။ အင်ဒိုနီးရှားအစိုးရဟာ အပျက်အစီးတွေကြားထဲမှာ အသက်ရှင် ကျန်ရစ်ဦးမယ့်လူတွေကို ရှာဖွေဖို့ ပစ္စည်းကိရိယာတွေ ဦးစားပေး ထောက်ပံ့နေပါတယ်။ ငလျင်လှုပ်ပြီး မိနစ်ပိုင်းအကြာမှာ ဗလီတလုံး ပြိုကျ ပျက်စီးခဲ့ပြီး အစိုးရကတော့ ဒီအပျက်အစီးတွေကြားထဲ အနည်းဆုံး လူ ၄၀ လောက် ပိတ်မိနေမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့ပြင် လွန်ဘော့ကနေ သင်္ဘောနဲ့သွားရင် ၁၅ မိနစ်ပဲ ကြာမယ့် ဂီလီကျွန်းတွေကနေ ခရီးသွားထောင်ချီကို ရွှေ့ပြောင်းပေးနေပါတယ်။ အင်ဒိုနီးရှား အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဘန်ဘမ်း ဆူယိုအာဂျီက “ခရီးသွားရာချီကို သင်္ဘော ၃ စီးနဲ့ ကျနော်တို့ ရွှေ့ပြောင်းပေးနေပါတယ်။ ဒါပေမယ့် ဂီလီကျွန်းပေါ်ကနေ မသွားချင်တဲ့ ခရီးသွားတွေလည်း ရှိပါတယ်။ သူတို့ ဘေးကင်းလား ဆိုတာကို ကျနော်တို့ မပြတ် လေ့လာစောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။ တနင်္ဂနွေနေ့ည ငလျင်လှုပ်ချိန် ဂီလီကျွန်း သုံးကျွန်းထဲက ဂီလီအဲရ်ကျွန်းမှာ ရှိနေခဲ့သူ ဘူလ်ဂေးရီးယားနိုင်ငံသား ခရီးသွား ထွန်က “ဒုတိယနေ့မှာ ကျနော်တို့ လွန်ဘော့ကျွန်းကို သွားချင်ခဲ့တာ။ ဒါပေမယ့် ဆိပ်ခံတံတားက တကယ် အဆင်မပြေဘူး။ လူတွေလည်းများတယ်။ တချိန်တည်းမှာ လူတွေအားလုံး ကျွန်းပေါ်ကို သွားချင်နေကြတာ။ ဒေသခံတွေကလည်း သွားချင်နေကြတယ်။ ဒေသခံတွေလည်း မရှိ၊ ဆိုင်တွေလည်း ပိတ်ထားပေမယ့် ကျွန်းကနေ ခွာဖို့ တရက်လောက် စောင့်ရတာ အဆင်ပြေတယ်လို့ပဲ ပြောခဲ့တယ်” လို့ ပြောပြပါတယ်။ လွန်ဘော့ကျွန်း ငလျင်ကြောင့် လူပေါင်း ၂ သောင်းကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ထားရတယ်လို့ အင်ဒိုနီးရှားအမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး အေဂျင်စီက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up