Home
မြန်မာသတင်း
နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနား ကညွတ်ကွင်းတွင် ကျင်းပ
DVB
·
August 8, 2018
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့  အောင်တော်မူခန်းမမှာ နှစ် ၃၀ ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနားကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားကို ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေ က စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပြီး တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အခုလိုပွဲမျိုးကို ကျင်းပရတာဟာ ပြည်သူတွေ စုပေါင်းအားနဲ့ အာဏာရှင်စနစ်ဆိုးတခုကို တော်လှန်နိုင်ခဲ့တာ လူငယ်တွေ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာလို့ အခမ်းအနား ကျင်းပရေး ဥက္ကဋ္ဌ ဦးစန်းလွင်က ပြောပါတယ်။ "ဒီပွဲလေးကျင်းပဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ အခုအသက် ၃၀ ရှိနေပြီဖြစ်တဲ့ လူငယ်တယောက်ဟာ ၈၈ ခုနှစ်မှာ မွေးတာဖြစ်တော့ ၈၈ ခုနှစ်မှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာတွေကို စာမဖတ်သမိုင်းကြောင်း မလေ့လာရင် သိချင်မှ သိကြလိမ့်မယ်။ ဒါကြောင့် ကျနော်တို့က ဒီပွဲလေးကို လုပ်ပေးခြင်းအားဖြင့် အသက်သုံးဆယ်ဝန်းကျင် လူငယ်တွေဟာ ဒီလူတွေ ၈၈ ဆိုတဲ့ပွဲကို ဘာကြောင့် စိတ်ဝင်တစား လုပ်နေကြတာလဲ ဆိုတာကို သိလာမယ်။ ၈၈ က ဘာကြောင့် ဖြစ်ပေါ်လာတာလဲ ဆိုတာကို လေ့လာမိလာလိမ့်မယ်လို့ ထင်ပါတယ်။" အခမ်းအနားမှာ အရေးတော်ပုံမှာ ကျဆုံးသွားကြတဲ့ ရဟန်းရှင် လူပြည်သူများအတွက် ရည်စူးပြီး  သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး အမျှဝေတာနဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ်ခန့် ငြိမ်သက်အလေးပြုတာ၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကဗျာရွတ်ဆိုတာနဲ့ သဝဏ်လွှာ ဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ (ရန်ကုန်) မှ ပေးပို့တဲ့ သဝဏ်လွှာမှာ လွန်ခဲ့သောနှစ် ၃၀ ပြည်သူတွေရဲ့ လူမှုရေးစီးပွားရေ ဆင်းရဲနိမ့်ကြရတာဟာ တပါတီ အာဏာရှင်စနစ်အောက်မှာ ဒီမိုကရေစီ ကင်းမဲ့မှုကြောင့် ဖြစ်ကြောင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ပြည်သူတရပ်လုံးရဲ့ အင်အားနဲ့ တပါတီအာဏာရှင်စနစ်ကို ချိုးဖျက်တော်လှန်နိုင်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024