အမေရိကန်က အီရန်အပေါ် တင်းကျပ်သည့် စီးပွားရေးဒဏ်ခတ်မှု ချမှတ်

ဓာတ်ပုံ - Nicholas Kamm,/AFP/Getty Images
အမေရိကန် အစိုးရဟာ အီရန်အပေါ် တင်းကျပ်တဲ့ စီးပွားရေးဒဏ်ခတ်မှုကို သြဂုတ် ၆ ရက်နေ့က ချမှတ်လိုက်ပါတယ်။ လူမှုရေး မတည်ငြိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်မှုဟာ သြဂုတ် ၇ ရက်နေ့ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန် ငွေကြေးသုံးစွဲမှုကို တားမြစ်ထားပြီး ကားတွေ၊ သတ္တုတွေ၊ တွင်းထွက် သယံဇာတတွေဖြစ်တဲ့ ရွှေ၊ သံမဏိ၊ ကျောက်မီးသွေးနဲ့ အလူမီနီယံတွေ ကုန်သွယ်မှုကိုလည်း တားမြစ် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ဥရောပ လေယာဉ်တွေကို အီရန်က ဝယ်ခွင့်ကိုလည်း တားမြစ်မှာပါ။ အီရန်ဗဟိုဘဏ်နဲ့ ငွေပေးငွေယူလုပ်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ဟန့်တားပြီး အီရန်စွမ်းအင်တွေ ပြည်တွင်းတင်သွင်းမှုကို တားမြစ်မယ့် နောက်တချီ ဒဏ်ခတ်မှုကို နိုဝင်ဘာလမှာ ချမှတ်ဖို့ ရှိပါတယ်။ အီရန်အစိုးရကတော့ ဒီဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချပါတယ်။ အနိုင်ကျင့်မှု၊ စီးပွားရေးသြဇာနဲ့ နိုင်ငံရေး ဖိအားတွေဟာ အနှောင့်အယှက်တချို့ကို ဦးတည်စေမယ်၊ ဒါပေမယ့် အမေရိကန်ဟာ ဒီနေ့ကမ္ဘာမှာ အထီးကျန်နေပြီလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရိဖ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up