မကောင်းဆိုးဝါး ရေသူမလေး၏ အချစ်ဇာတ်လမ်း ရုပ်ရှင် – The Mermaid: Lake of the Dead (နမူနာ)

သေဆုံးခဲ့ပြီးနောက်မှာ မကျွတ်မလွတ်ဖြစ်နေတဲ့ မကောင်းဆိုးဝါး ရေသူမလေးရဲ့ အချစ်ဇာတ်လမ်းကို သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ The Mermaid: Lake of the Dead ရုပ်ရှင်ကားကို မကြာခင် ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ဆဗီရာတိုဆလက်ဗ် ပေါ့ဒ်ဂက်ဗ်စကီးက ရိုက်ကူးထားတာဖြစ်ပြီး အချစ်နဲ့ လျှို့ဝှက်သည်းဖို အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်မယ့် ရုပ်ရှင်ကားတကားပါ။ မရီနာနဲ့ ရိုမန်တို့စုံတွဲဟာ ရေကန်တကန်နားက စံအိမ်တအိမ်ကို အပန်းဖြေဖို့ ရောက်ရှိလာကြတယ်။ သူတို့ဟာ မကြာခင်မှာ လက်ထပ်ကြဖို့ ရည်ရွယ်ထားကြတဲ့ စုံတွဲတတွဲ ဖြစ်ပါတယ်။ အဲဒီအိမ်နားက ကန်ထဲမှာတော့ ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက ရေနစ်သေဆုံးခဲ့တဲ့ မိန်းကလေးက မကောင်းဆိုးဝါး ရေသူမလေးဖြစ်နေပြီး သူဟာ ရိုမန်ကို မြင်မြင်ချင်း ချစ်ကြိုက်မိတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ရိုမန်ကို သူရှိတဲ့ ရေအောက်ကမ္ဘာကို ထာဝရခေါ်ဆောင်နိုင်ရေး ဖျားယောင်း သွေးဆောင်ဖို့ ကြိုးစားချိန်မှာ မရီနာက ချစ်သူကို သူ့လက်က လွတ်မြောက်လာအောင် ကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကား တကားပါ။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသမီး မင်းသားတွေ ဖြစ်ကြတဲ့ ဗစ်တိုးရီးယား အဂါလာကိုဗာ၊ အက်ဖင်ပီထရူနင်၊ ဆက်ဆဲလ် ပလဲဇ်ရှ်တို့က ခေါင်းဆောင်ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ရုရှားနိုင်ငံမှာ ဇူလိုင် ၁၂ ရက်နေ့တည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လာမယ့် သြဂုတ် ၁၀ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up