ဟိုပင်မြို့တွင် ကျပ်သိန်း ၂၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
August 7, 2018
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ သြဂုတ် ၅ ရက် မနက် ၇ နာရီလောက်က ကျပ်သိန်း ၂၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းဆီးရမိကြောင်း ဟိုပင်နယ်မြေ ရဲစခန်းကနေ သိရပါတယ်။
မူးယစ်ဆေးဝါး သယ်လာတယ်လို့ သတင်းရတဲ့အတွက် ဟိုပင်-နန့်မွန်းသွား ကားလမ်း အမှတ် ၃၈၈ ခြေမြန်တပ်ရင်းအနီး ရာဘာခြံနားမှာ မူးယစ်တပ်ဖွဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ စောင့်ဆိုင်းပြီး ပူးပေါင်း ဖမ်းဆီးခဲ့တာပါ။
ဟိုပင်မြို့ မြဇေယျာရပ်ကွက် ချောင်းသာယာရပ်နေ ၃၃ နှစ်အရွယ် ဦးထိန်လင်းအောင် မောင်းနှင်လာတဲ့ အနီရောင် Light တံဆိပ် သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့သူရဲ့ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မအိအိခိုင် လွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ ဘိန်းဖြူ စုစုပေါင်း ၂၂၀ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။
ဆက်လက်စစ်ဆေးရာမှာ နေအိမ်မှာ ကျန်နေသေးတဲ့ ဘိန်းဖြူ ၂၂၀ ဂရမ်၊ ပန်းရောင်ဆေးပြား ၆၂၇၀၀ ပြား စုစုပေါင်း ကာလတန်ဖိုး ၁၈၈၁ သိန်းဖိုးကို ထပ်မံ တွေ့ရှိခဲ့ပါတယ်။
ကွင်းဆက် တရားခံကိုလည်း ဆက်လက် စစ်ဆေးဖော်ထုတ်နေပြီး လက်ဝယ်တွေ့ရှိသူ ၂ ယောက်ကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-ခင်သန်းညွန့်