Home
မြန်မာသတင်း
သဘာဝဘေးကျရောက်ပါက အထက်အမိန့်စောင့်ရန်မလိုဘဲ ကူညီရန် ကာချုပ်ညွန်ကြား
DVB
·
August 6, 2018
တပ်မတော်အနေနဲ့ သဘာဝဘေးအန္တရာယ်ေတွ ဖြစ်ပေါ်လာပါက အထက်အမိန့်စောင့် ရန်မလိုဘဲ အနီးဆုံးတပ်စခန်းက ကူညီဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သြဂုတ် ၅ ရက် မနက်က ကရင်ပြည်နယ်၊  ဘားအံမြို့၊ ရွှေယဉ်မျှော်ဘုရား ရေဘေးကယ်ဆယ်ရေးစခန်းမှာ ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားတာပါ။ ရကြီးတဲ့အကြောင်းရင်းတွေကို ဆန်းစစ်အဖြေထုတ်၍ နည်းလမ်းများရှာဖွေကာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်ပါက ကျော်လွှားနိုင်ရေး ဆောင်ရွက်ဖို့၊ ရေကြီးတဲ့ဒေသတချို့မှာ ရေမြောင်းတွေ၊ အမှိုက်တွေပိတ်ဆို့ပြီး ရေစီး ရေလာကောင်းမွန်မှု မရှိလို့ ဖြစ်ပွားတာတွေ့ရှိရတာကြောင့် တစ်ဦးချင်းအနေနဲ့ အမှိုက်တွေ စည်းကမ်း တကျစွန့်ပစ်ဖို့  လိုအပ်ကြောင်းလည်း ပြောပါတယ်။ ရေဘေးရှောင် စခန်းတွေမှာ နေထိုင်စဉ် ကူးစက်ရောဂါတွေ  ဖြစ်ပွားလွယ်လို့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့၊ အတူတကွနေထိုင်ကြစဉ် မိသားစုစိတ်ဓာတ်နဲ့ နေထိုင်ဖို့၊  ရေကျသွားချိန်မှာ မိမိတို့နေထိုင်တဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေမှာ ဘက်တီးရီးယား ပိုးမွှားတွေမတွယ်ကပ် နိုင်စေဖို့ သဘာဝနေရောင်ခြည် အလင်းရောင်ရအောင် အောင်ဆောင်ရွက်တာ၊ ထုံးနဲ့ အခြားဆေးတွေပတ်ဖျန်းတာ စတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းတွေကို အုပ်ချုပ်ရေးနဲ့  ပြည်သူလူထုပူးပေါင်း ဆောင်ရွက်ဖို့လည်း အကြံပြုသွားပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းမှာ စည်းကမ်း ဖောက်လို့မရသလို တပ်မတော်နဲ့ပတ်သက်လို့ ဥပဒေချိုးဖောက်ရင် လုံးဝလက်မခံဘဲ  ပြင်းထန်စွာအရေးယူတယ်လို့ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ရွှေယဉ်မျှော်၊ အထက ၁ ၊ အထက ၄ ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေတဲ့ ရေဘေးသင့်ပြည်သူတွေကို ကာကွယ်ရေးဦးစီးချုပ်နဲ့တပ်မိသားစုတွေက အလှူငွေနဲ့  ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူးနဲ့ စားသောက်ဖွယ်ရာတွေကို ပေးအပ်လှူ ဒါန်းခဲ့ပါတယ်။ လက်ရှိ သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေတဲ့အတွက် ကရင်ပြည်နယ် မြို့နယ် ၆ မြို့နယ်က အိမ်ထောင်စု ၄၄၇၅ စုနဲ့ လူဦးရေ ၂၁၃၉၅ ဦးသာ ရေဘေး ကယ်ဆယ်ရေး စခန်းပေါင်း ၄၂ ခုမှာ ကျန်ရှိတော့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ကရင်ပြည်နယ်မှာ ဇူလိုင် ၂၂ ရက်လောက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ စာသင်ကျောင်း ၃၈၀ ကျောင်းအား ယာယီပိတ်ထားခဲ့ရကာ စိုက်ပျိုးဧကပေါင်း ၅၅၀၀ကျော်  ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လည်းသိရပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024