ဘင်္ဂလားဒေ့ရှ်တွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးသုံး ဖြိုခွဲ

ဓာတ်ပုံ - SCMP
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ လမ်းတွေ ပိုဘေးကင်းရေး တောင်းဆိုနေတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့သုံး ဖြိုခွင်းခဲ့ပါတယ်။ အစိုးရလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ဆန္ဒပြသူတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ လူငယ်များအသင်းချုပ်ဝင် တက်ကြွလှုပ်ရှားသူတွေက သတင်းထောက် အနည်းဆုံး ၅ ဦးကိုပါ တိုက်ခိုက်ခဲ့တယ်၊ အေပီသတင်းဌာနက ဓာတ်ပုံဆရာတဦး ခေါင်းမှာ ဒဏ်ရာရပြီး ဆေးရုံတင်ပို့ခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒန်မွန်ဒီရပ်ကွက်ထဲမှာ သူ့ကို အမျိုးသားတဒါဇင်လောက်က ဝိုင်းရိုက်နေတဲ့ ရုပ်သံတခု လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာခဲ့တာပါ။ သြဂုတ် ၄ ရက်နေ့မှာ ရဲတွေက လူအုပ်ကို ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့လို့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဒဏ်ရာရခဲ့ပြီး သြဂုတ် ၅ ရက်နေ့မှာတော့ တင်းမာမှု ပိုမြင့်တက်ခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း အမေရိကန်သံတမန်ရဲ့ ကားကို လက်နက်ကိုင် လူတစုက တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အာဏာရပါတီကတော့ အဓိက အတိုက်အခံပါတီက နိုင်ငံရေး အသာစီးလိုချင်လို့ ဗရမ်းဗတာဖြစ်အောင် ဖန်တီးဖို့ ကျောင်းသားတွေရဲ့ ဒေါသကို အသုံးချတယ်လို့ စွပ်စွဲပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးမှာ လက်ရှိဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်းတို့ကြား နိုင်ငံရေး ရန်စဟာ ဆယ်စုနှစ်တခုကျော်နေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up