ရှစ်လေးလုံးတောင်းဆိုချက် ရမရ ပြန်သုံးသပ်ပြီး ပြည်သူကို အကြံပြုစာတမ်းတင်မည်
DVB
·
August 6, 2018
ရှစ်လေးလုံးတောင်းဆိုချက်တွေ ပြည့်ပြည့်ဝဝ ရပြီလားဆိုတာ ပြန်သုံးသပ်ပြီး နှစ် ၃၀ တိတိ ပြည့်တဲ့နေ့မှာ နိုင်ငံတော်နဲ့ ပြည်သူလူထုကို အကြံပြုစာတမ်း တင်ပြသွားမယ်လို့ ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင် ဦးမြအေးက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်တက္ကသိုလ်၊ RC ခန်းမမှာ ကျင်းပတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ဖွင့်ပွဲမှာ ပြောကြားခဲ့တာပါ။
“ရှစ်လေးလုံး နှစ် ၃၀ ပြည်တဲ့အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီစစ်စစ်နိုင်ငံ ဖြစ်ပြီလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ကို ပြည့်ပြည့်၀၀ မရောက်သေးဘူးလို့လည်း မြင်မိပါတယ်။ တနည်းအားဖြင့် ဒီမိုကရက်တစ်အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို မတည်ထောင်နိုင်သေးဘူးလို့လည်း ပြောရမှာ ဖြစ်ပါတယ်။”
ဒါပေမယ့် ဒီမိုကရေစီနိုင်ငံရဲ့ လက္ခဏာတွေဖြစ်တဲ့ ပါလီမန်ရွေးကောက်ပွဲတွေ၊ ပါတီစုံလွှတ်တော်တွေ၊ ပြည်သူ တင်မြှောက်တဲ့ အစိုးရတွေတော့ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။
“ရှစ်လေးလုံးကာလက တောင်းဆိုခဲ့တဲ့ အခြေအနေတွေကိုတော့ ပြည့်ပြည့်၀၀ မရရှိသေးဘူး။ တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။”
သြဂုတ် ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပမယ့် နှစ် ၃၀ ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားမှာ ဒီမိုကရေစီအရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနဲ့ စစ်အာဏာရှင်စနစ် စတဲ့ ခေါင်းစဉ် ၃ ခုနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ပေါင်းချုပ်ပြီး လာမယ့် ၈ ရက်နေ့မှာ နိုင်ငံတော်နဲ့ ပြည်သူလူထုကို အကြံပြုစာတမ်း တင်သွင်းသွားဖို့ စီစဉ်ထားတယ်လို့ ဦးမြအေးက ပြောပါတယ်။