ALPINE CUP တောင်ကိုရီးယား ဗိုလ်စွဲ၊ မြန်မာအသင်း ထိုင်းကို နိုင်ပြီး ဒုတိယဆုရ

Photo : Myanmar Football Federation
ALPINE CUP 2018 လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို တောင်ကိုရီးယား ယူ-၁၉ အသင်းက ရရှိသွားပြီး ဒုတိယဆုကို အိမ်ရှင် မြန်မာ ယူ-၂၃ အသင်း၊ တတိယဆုကို ဘာရိန်း ယူ-၂၃ အသင်းတို့က အသီးသီးရရှိသွားပါတယ်။ ALPINE CUP 2018 ဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့မှာ သြဂုတ် ၁ ရက်ကနေ  ၅ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။ မနေ့ညနေက နောက်ဆုံး ကန်သွားတဲ့ပွဲစဉ်မှာ တောင်ကိုရီးယား ယူ-၁၉ အသင်းက ဘာရိန်းယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး  သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ၉ မှတ်နဲ့ ဗိုလ်စွဲသွားတာပါ။ ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့  မြန်မာ ယူ-၂၃ အသင်းက ထိုင်း ယူ-၂၃ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရလို့ ဒုတိယဆုကို ရယူနိုင်ခဲ့တာပါ။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းစစချင်း ပွဲချိန် ၁ မိနစ် မပြည့်ခင်မှာပဲ တိုက်စစ်မှူး အောင်သူက သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၆ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် အသင်းခေါင်းဆောင် ဇော်မင်းထွန်းက ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကိုတော့ တောင်ကိုရီးယား ယူ-၁၉ အသင်းမှ HWANG TAEHYEON က ရရှိသွားပါတယ်။ ဆုကြေးငွေအဖြစ်တော့ ပထမရတဲ့အသင်းကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ဒုတိယ ရတဲ့ အသင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ချီးမြှင့်ခဲ့ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up