Home
မြန်မာသတင်း
နိုင်ငံတ၀န်း ရေကြီးရေလျှံမှုကြောင့် ၁၇ ဦးသေဆုံး
DVB
·
August 5, 2018
နိုင်ငံတ၀န်း ဇူလိုင်နဲ့ သြဂုတ်လထဲ ရေကြီးရေလျှံတာတွေကြောင့် လူပေါင်း ၁၇ ယောက်သေဆုံးပြီး မနေ့ကအထိ လူပေါင်း ၆ သောင်းခွဲလောက် ရေဘေးရှောင်စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ နေပြည်တော် တပ်ကုန်းမှာ ၁ ယောက်၊ ရှမ်းပြည်နယ် လားရှိုးမှာ ၁ ယောက်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မှာ ၂ ယောက်၊ ဘားအံမှာ ၁ ယောက်၊ တနင်္သာရီတိုင်း ပုလောမှာ ၁ ယောက်၊ မွန်ပြည်နယ် ဘီးလင်းမှာ ၃ ယောက်၊ ကျိုက်မရောမှာ ၂ ယောက်၊ ပဲခူးတိုင်း ရွှေကျင်မှာ ၂ ယောက်၊ ပဲခူးမှာ ၂ ယောက်နဲ့ မကွေးတိုင်း နတ်မောက်မှာ ၂ ယောက် သေဆုံးခဲ့ပါတယ်။ မနေ့ကအထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ စခန်းပေါင်း ၁၅၅ ခုဖွင့်ထားရတုန်း ဖြစ်ပြီး ဒီစခန်းတွေမှာ လူပေါင်း ၆၄၅၅၅ ယောက် ပြောင်းရွှေ့နေထိုင်ရတုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ရေကြီးရေလျှံတာတွေကြောင့် ရေဘေးသင့်သူတွေ ခိုလှုံဖို့ စခန်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ခဲ့ရပြီး မနေ့ကအထိ စခန်းပေါင်း ၁၈၁ ကိုတော့ ပိတ်သိမ်းလိုက်ရပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့မှာတော့ စခန်းတွေ အားလုံးကို ပိတ်သိမ်းပြီး ဖြစ်ပါတယ်။ ပဲခူးတိုင်းထဲမှာ လက်ရှိ စခန်းပေါင်း ၉၀ ဖွင့်ထားရပြီး လူပေါင်း ၃၈၀၀၀ လောက် ခိုလှုံနေရဆဲဖြစ်ပါတယ်။ မကွေးတိုင်းမှာတော့ လတ်တလောမှာ ရေကြီးရေလျှံတာ မရှိပေမယ့် မြစ်ချောင်းတွေနဲ့ နီးတဲ့ ရွာတွေက လူပေါင်း ၅၀၀ လောက်ဟာ စခန်း ၃ ခုမှာ ပြောင်းရွှေ့နေထိုင်နေရတာပါ။ ရေဘေးရှောင်ရသူတွေအတွက် ဆန်နဲ့ အိမ်ဆောက်ပစ္စည်းတွေ အပါအဝင် ငွေကျပ် သိန်းပေါင်း ၇ ထောင်ကျော် ထောက်ပံ့ထားပြီး ဖြစ်တယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024