ကညွတ်ကွင်းတွင် ရွှေ့လျားဝန်ဆောင်မှုဖြင့် ဆိုင်ကယ်လိုင်စင် နေ့ချင်းလုပ်ပေး
DVB
·
August 5, 2018
ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့နဲ့ အောင်တော်မူခန်းမမှာ ရွေ့လျားဝန်ဆောင်မှုနဲ့ ဆိုင်ကယ်မောင်း လိုင်စင်၊ ပုံစံ ၆၆/၆ အိမ်ထောင်စုဇယားတွေကို သြဂုတ်လ ၄ ရက်နေ့က နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် တိုင်းရင်းဆေးကုသနည်းနဲ့ ဆေးကုသမှုပေးပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောမှုတွေကိုလည်း ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့ မနက် ၁ဝ နာရီက စတင်က ပြုလုပ်ပေးခဲ့ပါတယ်။
အဲ့ဒီ ရွေ့လျားဝန်ဆောင်မှုကို ဖြူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပြီး ဖြူးမြို့နယ်အတွင်းမှာ ၄ ကြိမ်မြောက် ဝန်ဆောင်မှုပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလို ရွေ့လျှားဝန်ဆောင်မှုနဲ့ ဝန်ဆောင်မှု ပေးတာဟာ မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ ငွေကြေး ကုန်ကျမှု သက်သာပြီး အချိန်ကုန်သက်သာစေဖို့ ရည်ရွယ်တယ်လို့ ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။
“ပြည်သူကို ထိရောက်တဲ့ ဝန်ဆောင်မှု ပေးခြင်လို့ပါ။ ကညနဆိုရင် လိုင်စင်ကို တောင်ငူမှာ သွားလုပ်ရမယ်။ တောင်ငူအထိ သွားလုပ်ရမှာဖြစ်တဲ့အတွက် တနေကုန် အချိန်ပေးရမယ်။ ပြီးတော့ ငွေကြေးကုန်ကျစရိတ်ပိုများမယ်။ လုပ်တဲ့နေရာမှာလည်း ကြန့်ကြာတာတွေရှိမယ်။ တခါတလေ တရက်အတွင်း မပြီးတာကြောင့် အခက်အခဲတွေရှိတယ်။ ဒီမှာလာလုပ်တာဟာ တရက်တည်းပြီးတယ်၊ ငွေကုန်ကြေးကျသက်သာတယ်။”
ဖြူးမြို့နယ်မှာဒီလို ဝန်ဆောင်မှုပေးတာကို မေလက စတင် ဆောင်ရွက်ပေးနေပြီး တလတကြိမ်နှုန်း ကျေးရွာတွေထိ လိုက်လံ ဝန်ဆောင်မှု ပေးနေတယ်လို့ သိရပါတယ်။
သတင်း -ကျော်အောင်