Live
Home
ဆောင်းပါး
မိန်းကလေးငယ်တွေကို ခြိမ်းခြောက်နေသေးတဲ့ တရုတ်-မြန်မာနယ်စပ်က လူကုန်ကူးမှုများ
DVB
·
August 4, 2018
“လူကုန်ကူးခံရမှု ပိုများလာတယ်။ အားလုံးက စစ်ပွဲမှာဘဲ အာရုံရောက်နေကြတော့ လူကုန်ကူးမှု တားဆီးရေးကို အရင်က လုပ်နေပြီဆိုပြီး ဆက်မလုပ်ကြဘူး” ကချင်ပြည်နယ်အတွင်း လက်ရှိ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်ဂျန်ဒါ အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးစီမံကိန်းရဲ့ မန်နေဂျာ မခေါဆွမ့်က ပြောပါတယ်။ “အဲဒါကို အခွင့်ကောင်းယူပြီး ပွဲစားတွေက တရုတ်နိုင်ငံကို ပို့ကြတယ်။ သူတို့က ရောင်းစားတယ် ဆိုပေမယ့် အိမ်ထောင်ကျတယ်ဆိုပြီး အချိုသတ်သွားတယ်။ တချို့ကိုတော့ ဆိုင်မှာ အလုပ်လုပ်ခိုင်းကြတယ်” ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ပွဲတွေ တကျော့ပြန်ဖြစ်ပွားခဲ့တာ ၂၀၁၈ ခုနှစ် ဇွန်လမှာ ၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ စစ်ဘေးရှောင် စုစုပေါင်း ၁၂၀,၀၀၀ ကျော်သာ ရှိရာမှ ၂၀၁၈ ခုနှစ် ဇွန်လထိ ၁၃၀,၀၀၀ ကျော်ထိ ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကနေစပြီး ဒေသခံ ပြည်သူတွေ လုပ်ကိုင်စားသောက်နေကြတဲ့ တနိုင်းမြို့နယ်က ပယင်းမှော်၊ ရွှေ့မှော်တွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့လို့ ပြည်သူတွေ ထောင်ချီကာ ထပ်မံ ထွက်ပြေးခဲ့ရပြန်ပါတယ်။ အခုဆိုရင် စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးကောင်း၊ နမ္မတီး၊ တနိုင်း၊ တန်ဖရဲ စတဲ့ဒေသတွေမှာ ဒုက္ခသည်စခန်းပေါင်း ၁၂၀ ကျော်မှာ ခိုလှုံနေကြရပါတယ်။ ဒီလိုတိုက်ပွဲတွေ ပြင်းထန်လို့ ကချင်ဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ စစ်ရှောင်တွေအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေက ကူညီထောက်ပံ့မဲ့ လူသားချင်း စာနာထောက်ထားမှုတွေကို အစိုးရက ခွင့်ပြုချက် မပေးတာတွေ၊ တပ်မတော်က တားဆီးဟန့်တားမှုတွေ ရှိခဲ့ပါတယ်။ စစ်ရှောင်လူထုအတွင်း ဒီလို အခက်အခဲ ကြုံတွေ့မှုတွေက လူကုန်ကူးမှု ပစ်မှတ်တွေ ဖြစ်လာစေပါတယ်။ စစ်ဘေးရှောင်တွေသာမက ကချင်ပြည်နယ်က ပြည်သူလူထုတွေ စီးပွားရေး အကျပ်အတည်းတွေကြောင့် မိသားစု စားဝတ်နေရေးအတွက် အရွယ်ရောက်တဲ့ လူငယ်လူရွယ်တွေက တရုတ်နိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်ရာကနေ လူကုန်ကူးခံရမှုတွေ ကြုံတွေ့ခဲ့ကြတာလည်း ရှိပါတယ်။ လူကုန်ကူးမှုက အခုနှစ်ပိုင်းမှာ ပိုများလာပြီး အများအားဖြင့် အလုပ်အကိုင်မရှိခြင်းနဲ့ မိသားစု စားဝတ်နေရေး ခက်ခဲလို့ အခုလို လူကုန်ကူးခံရမှုတွေ ပိုများလာရတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်ဂျန်ဒါ အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး စီမံကိန်းရဲ့ မန်နေဂျာ မခေါဆွမ့် ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ လူကုန်ကူးသူတွေက အခွင့်ကောင်းယူပြီး လူကုန်ကူးမှုတွေ လုပ်ဆောင်နေတာကြောင့် ပိုများလာနေတယ်လို့ သူက ဆက်ပြောပါတယ်။ အလုပ်သွားလုပ်ရင်း လူကုန်ကူးခံရခြင်း၊ အငှားကိုယ်ဝန်ဆောင်ပေးခြင်းနဲ့ အိမ်ထောင်ကျခြင်း စတဲ့ လူကုန်ကူးခံရမှုတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ ထူးခြားတာက မိရိုးဖလာ ဓလေ့ထုံးစံကို အခွင့်ကောင်းယူပြီး မိဘထံ တောင်းရမ်းယူကာ ကွမ်းဖိုးထည့်ပြီး တရားဝင် လက်ထပ်ထိမ်းမြားယူတာတွေလည်း လူကုန်ကူးမှုတွေကို အားပေးသလို ဖြစ်နေတယ်လို့ မခေါဆွမ့်က ပြောပါတယ်။ “တချို့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားခံရတာကို မသိကြဘူး။ တချို့မိဘတွေက ကွမ်းဖိုး နည်းနည်းများများ ထည့်ရင် ဝမ်းသာပြီး ပေးစားလိုက်တယ်” လို့ မခေါဆွမ့်က ပြောပြပါတယ်။ “လူကုန်ကူးမှု ဖြစ်ဖို့ အားပေးတာနဲ့ အတူတူဘဲ၊ တချို့က ကလေးတယောက် မွေးပေးရင် ကျပ်သိန်း ၂၀ နဲ့ သဘောတူပြီး သွားလိုက်တဲ့ လူတွေလည်း ရှိတယ်” လူကုန်ကူးမှု ပပျောက်ဖို့အတွက် အသိပညာပေးခြင်း၊ အရေးပေါ် အကူအညီပေးခြင်း၊ အကြံပေးခြင်းနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်း၊ လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာတဲ့ မိန်းကလေးတွေကို ဝင်ငွေရရှိရေး အလုပ်အကိုင် ရှာဖွေပေးတာတွေ လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ကလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်နေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် တားဆီးနိုင်ခြင်းမရှိဘဲ ပိုမိုများပြားလာနေတယ်လို့ KWAT ရဲ့ အထွေထွေမန်နေဂျာ ဒေါ်မွန်းနေလီက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်တဲ့အတွက် အလုပ်အကိုင်လည်း ရှားပါးလို့ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်တဲ့သူတွေ များပြားလာနေပြီး အခုဆိုရင် ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအောက်ပိုင်းက သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာမိန်းကလေးတွေပါ လူကုန်ကူးခံရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ “အောက်ပိုင်းက လူတွေလည်း အလုပ်အကိုင် မရှိတော့ ဝင်ငွေရဖို့ တရုတ်နိုင်ငံကို အလုပ်သွားလုပ်တော့ ရောင်းစားခံရတာ ကချင်တွေချည်း မဟုတ်တော့ဘဲ အောက်ပိုင်းက တခြားလူမျိုးတွေ ပါဝင်လာတော့ အမှုပမာဏလည်း ပိုများလာတာ တွေ့ရတယ်” ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ မြန်မာနိုင်ငံ၊ လူကုန်ကူးမှု တားဆီးရေးအဖွဲ့ကလည်း လူကုန်ကူး တားဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေသော်လည်း အားနည်းနေသေးကြောင်း ကချင်အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်း လူကုန်ကူးတားဆီးမှု အသိပညာပေးလုပ်ငန်းတွေ ပုံမှန် လုပ်ဆောင်နေပေမယ့် လူကုန်ကူးခံရမှုတွေ ဆက်လက်ရှိနေသေးတာဟာ စီးပွားရေး ကျပ်တည်းမှုကြောင့် ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ရှိ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးရေးဌာနမှ ရဲအုပ်သက်လွင်က ပြောပါတယ်။ “အဓိက စီးပွားရေးပါပဲ။ ဒီကချင်ပြည်နယ်တခုပဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ အရပ်ဒေသတွေလည်း စီးပွားရေး အဆင်မပြေဘူး။ ဥပမာအားဖြင့် မကွေး၊ မန္တလေး၊ ဧရာဝတီပဲ ဖြစ်ဖြစ် အလုပ်အကိုင်တွေ ရှားလာမယ်။ အလုပ်ပေါတဲ့နေရာတွေ သွားမယ်။ အပေါင်းအသင်း အမျိုးမျိုးနဲ့ တွေ့မယ်။ အဲဒီမှာ အကြံသမားနဲ့ တွေ့မယ်။ အဲဒီလိုမျိုးတွေ ရှိတာပေါ့” လို့ ရဲအုပ်သက်လွင်က ပြောပါတယ်။ များသောအားဖြင့် တရုတ်နိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်ရာကနေ အလုပ် အဆင်မပြေဘဲ နောက်ဆက်တွဲ ပြဿနာအဖြစ် လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေ၊ တရားမဝင် လုပ်ကိုင်ခြင်းကြောင့် အတင်းအဓမ္မ လက်ထပ်ပေါင်းသင်းခံရတာတွေ စတဲ့ လူကုန်ကူးခံရမှုတွေ ပိုများတယ်လို့ သူက ပြောပါတယ်။ မြစ်ကြီးနားမြို့က လူကုန်ကူးတားဆီးကာကွယ်ရေးဌာနကတော့ လူကုန်ကူးတားဆီးရေး အသိပညာပေးလုပ်ငန်းတွေကို တရုတ်-မြန်မာနယ်စပ် ဂိတ်တွေ၊ မီးရထား၊ လေကြောင်း၊ စာသင်ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းရှိ အခမ်းအနားတွေ စတဲ့ နေရာ၊ စစ်ရှောင်စခန်းတွေမှာ အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်းတွေ ပြုလုပ်နေပြီး အရေးကြုံလာပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို မျှဝေပးပြီး မြန်မာ့အသံကနေလည်း စနေနေ့တိုင်း လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး တပတ်အတွင်း ဖြစ်ပွားတဲ့ အမှုတွေ၊ လူကုန်ကူးခံရသူတွေရဲ့ ရင်ဖွင့်သံတွေကို ထုတ်လွှင့်နေတယ်လို့ သူက ပြောပါတယ်။ “ဒီလောက်လုပ်နေတာတောင် လူကုန်ကူးမှုတွေက ရှိနေတုန်းပါပဲ။ လူကုန်ကူးတဲ့ ပွဲစား၊ တရားခံ အသိုင်းအဝိုင်းကတော့ တချို့ဆိုရင် ကိုယ်ကိုယ်တိုင် လူကုန်ကူးခံရပြီးနောက်ပိုင်းမှာ သူက ဒီလမ်းကြောင်းကို သိသွားတော့ လူကုန်ကူးသူအဖြစ်ကို ပြောင်းသွားတာတွေလည်း ရှိတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးပေါ့နော်။ ငွေကြေးအခက်အခဲကို အလွယ်တကူ ဖြေရှင်းတဲ့ သဘောပေါ့”လို့ ရဲအုပ်သက်လွင်က ပြောပါတယ်။ လူကုန်ကူးခံရသူတွေဟာ မိမိတို့ဆန္ဒနဲ့ အလုပ်ရှာရင်း တရုတ်နိုင်ငံသို့ ရောင်းစားခံကြရသူတွေ များပေမယ့် တချို့ တရုတ်အမျိုးသားတွေက မြန်မာနိုင်ငံမှာ တရားဝင် ဇနီးမယားအဖြစ် လက်ထပ်ပြီးမှ တရုတ်နိုင်ငံ ရောက်မှ နောက်တဆင့် ရောင်းစားတာမျိုးတွေလည်း ရှိနေပြီး ရင်သွေးတယောက် ရတဲ့အထိ ပေါင်းသင်းရတဲ့ ပေါက်ဈေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ အများဆုံးကျပ်သိန်း ၅၀ ခန့်ထိ ရှိပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ ထိုင်းနိုင်ငံနဲ့ ပတ်သက်တဲ့ လူကုန်ကူးမှု ပြဿနာတွေကို အများအပြား လျှော့ချ တားဆီးနိုင်ခဲ့ပေမယ့်လည်း တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အမှုတွေကိုတော့ ဖြေရှင်းဖို့ အခက်အခဲတွေ ရှိသေးလို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီးသက်နောင်က ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် ပြုလုပ်တဲ့ လူကုန်ကူးခံရသူတွေကို စွမ်းရည်မြှင့်တင်ပေးခြင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်တခုမှာ ပြောဆိုခဲ့ပါတယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းချက်မှာ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်မယ့်အပြင် ငွေဒဏ်လည်း ချမျတ်နိုင်တယ်လို့ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ပြဋ္ဌာန်းထားပါတယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းလိုက်ပေမယ့် အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ လူကုန်ကူးမှု ပပျောက်ရေး လုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့တွေကလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘဲ အားနည်းနေပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေတွေကလည်း လက်တွေ့လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေထံ တိုက်ရိုက်မရောက်နိုင်တဲ့အတွက် အားနည်းချက်တွေ ရှိနေတယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။ “အစိုးရက ၂၀၀၅ နှစ်မှာ လူကုန်ကူးတားဆီးရေး ဥပဒေထုတ်လိုက်တယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ လူကုန်ကူးမှု ပပျောက်ဖို့လုပ်တဲ့ ရဲတပ်ဖွဲ့တွေ ထားပေမယ့် အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ငွေရေးကြေးရေးကအစ မလုံလောက်ဘူး။ အဲဒီမှာ ဦးဆောင်နေတဲ့ လူတွေကလည်း အမျိုးသမီးအခွင့်အရေးဆိုတာကို သေချာမသိဘူး။ ဒီလို လူကုန်ကူးမှု ပပျောက်ဖို့ အစိုးရဘက်က လုပ်ဆောင်တာတွေ အားနည်းတယ်”လို့ KWAT က ဒေါ်မွန်းနေလီက ထောက်ပြပါတယ်။ အခြေအနေအရပ်ရပ်က လူကုန်ကူးခံရမှုကို တွန်းပို့နေတဲ့ကြားက မရပ်တန့်နိုင်သေးတဲ့ စစ်ပွဲတွေကလည်း ဒါကို အခြေအနေ ပိုဆိုးစေတယ်လို့ ဒေါ်မွန်းနေလီက ပြောပါတယ်။ “ကျမတို့ ကချင်ပြည်နယ်ဒေသမှာက စစ်ပွဲကြောင့် စစ်ရှောင်တွေလည်း များလာတယ်။ လုပ်ကိုင်စားသောက်ရ ခက်လာတယ်။ အိုင်ဒီပီစခန်း ရောက်လာတဲ့လူတွေကလည်း ရိက္ခာ မဖူလုံတော့ ငွေရှာရတော့ လူကုန်ကူးခံရတာတွေ ရှိလာတယ်။ မိန်းကလေးတွေအတွက် လူကုန်ကူးခံရဖို့ စိန်ခေါ်မှုကြီး ဖြစ်လာတယ်” မလိခ (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024