ခရီးသွားလုပ်ငန်းတိုးတက်ရေး အတွေးသစ်များဖြင့် လုပ်ကြရန် အတိုင်ပင်ခံပြော

မြန်မာ့ဆင်နဲ့ ဧရာဝတီလင်းပိုင်တို့ကို ခရီးသွားလုပ်ငန်းမှာ အထောက်အကူဖြစ်နိုင်အောင် နည်းလမ်း စဉ်းစားဖို့နဲ့ အတွေးသစ်တွေနဲ့ အလုပ်လုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြံပြုလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ လက်ရှိမှာ ဆင်တွေကို သစ်လုပ်ငန်းမှာ သိပ်မသုံးနိုင်တာကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အတွက် တန်းဖိုးရှိအောင်လုပ်ပြီးတော့ ဆင်တွေအတွက်လည်း ပိုပြီးတော့ ဘဝကောင်းအောင် လုပ်ပေးလို့ရမလား ဆိုတာကို စဉ်းစားစေချင်တယ်လို့ ပြောပါတယ်။ “ဥပမာဆိုရင် ကျမတို့ ဆင်တွေကို ပိုပြီးတော့ စိတ်ဝင်စားလာအောင် နာမည်ပေးထားတာမျိုး၊ သူတို့ကြိုက်တဲ့ဆင်ကို အထူးလေ့လာခွင့်ပေးတာမျိုး ဒါမျိုးတွေလုပ်နိုင်ဖို့၊ ဆင်မွေးစားတဲ့အထိတော့ ကျွန်မ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဝေးက မွေးစားပြီး ပိုက်ဆံပို့ပေးမယ်ဆိုရင်တော့ မဆိုးပါဘူး။ ပုံမှန်ပေါ့။ ဒီဆင်လေးကို foster (မွေးစားခြင်း) လုပ်တယ်ပေါ့။ အရင်တုန်းက ကလေးတွေ လုပ်သလို ပေါ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက မဖွံ့ဖြိုးတဲ့နိုင်ငံ ကလေးတွေကို ပံ့ပိုးတာပေါ့။ သူတို့ရဲ့ တူလေး၊ တူမလေးလို မှန်မှန်ပံ့ပိုးသလို ကျမတို့ ဆင်တွေကို ပံ့ပိုးမှုများလုပ်လို့ရမလားဆိုတာ စိတ်ဝင်စားအောင်ပေါ့။ အထူးသဖြင့် ခရီးသည်တွေထဲမှာ ကလေးတွေ ပါရင် စိတ်ဝင်စားပါတယ်။ ကလေးတွေက ဆင်လေး တကောင်များ တာဝန်ယူချင်လား၊ သူတို့ မုန့်ဖိုးထဲက တလဘယ်လောက်ပို့လိုက်မယ်ဆိုရင် စိတ်ဝင်စားမှုကြောင့် ပိုက်ဆံတွေ အများကြီးရမယ်လို့ မဟုတ်ပါဘူး။ စိတ်ဝင်စားမှုရှိလာအောင်လို့၊ ပြန်လည်း လာချင်အောင်လို့၊ သူတို့ ဆင်တွေကိုလည်းကြည့်ဖို့ စသဖြင့်ပါ” လို့ ပြောပါတယ်။ ခရီးသွားတွေအနေနဲ့ အရှေ့တောင် အာရှကိုသွားမယ်ဆိုရင် ယဉ်ကျေးမှု၊ သဘာဝရေမြေ အနေအထားတူညီတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာ စသည်ဖြင့် ရွေးချယ်နိုင်တဲ့အတွက် ဒါကိုလည်း ထည့်တွက်ဖို့လိုတယ်လို့ ပြောပါတယ်။ “နောက်ရှားပါးသတ္တဝါတွေ၊ ဧရာဝတီလင်းပိုင်လိုဟာမျိုး ကြည့်နိုင်ဖို့၊ လေ့လာနိုင်ဖို့ ဒါမျိုး အခွင့်အခါ သင့်အောင်လည်း ဖန်တီးပေးစေချင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း ဝင်ငွေလည်းရအောင်၊ အထောက်အကူလည်းဖြစ်အောင် နည်းအမျိုးမျိုးနဲ့ စဉ်းစားစေချင်ပါတယ်” လို့ ပြောပါတယ်။ ပြီးတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်အောင် လုပ်ဖို့အတွက် အဓိကလိုအပ်ချက်က အတွေးသစ်တွေနဲ့ လုပ်ဖို့ဖြစ်ပြီး ဒီအတွေးသစ်တွေကို အကောင်းဆုံးနည်းနဲ့ အကောင်အထည်ဖော်တဲ့ အခါမှာ နိုင်ငံရဲ့ရေရှည်အကျိုးကိုကြည့်ပြီးတော့ လုပ်ဆောင်ကြဖို့ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံက တိုက်တွန်းပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အများစုရဲ့ ဘဝတိုးတက်မှုအတွက်လား၊ လူတစုတည်း အတွက်လား ဆိုတာကို အမြဲသတိထားဖို့ကိုလည်း အတိုင်ပင်ခံက သတိပေးခဲ့ပါတယ်။ ဓာတ်ပုံ - ဝင်္ဂဘော်ဆင်စခန်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up