မြန်မာအမျိုးသမီး ဘောလုံးအသင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါတို့နှင့် အိုလံပစ်ခြေစစ်ပွဲ ယှဉ်ပြိုင်မည်

ဓာတ်ပုံ - MFF
1.2K
၂ဝ၂ဝ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စုတွေ ထွက်ပေါ်လာရာမှာ မြန်မာက တောင်အာရှအသင်းတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါအသင်းတွေနဲ့ အုပ်စုစီမှာ ကျရောက်နေပါတယ်။
ပထမအဆင့် ခြေစစ်ပွဲမှာ မြန်မာအသင်း အပါအဝင် အသင်း ၁၈ သင်း ပါဝင်ပြီး ငါးသင်းနှစ်အုပ်စုနဲ့ လေးသင်းနှစ်အုပ်စု ခွဲထားတာပါ။
အုပ်စုတခုစီက ထိပ်ဆုံးနှစ်သင်းစီနဲ့ အကောင်းဆုံးအုပ်စု တတိယရနှစ်သင်း၊ စုစုပေါင်း ၁၀ သင်း ခြေစစ်ပွဲ ဒုတိယအဆင့် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒုတိယအဆင့်ကို အသင်း ၁၂ သင်းနဲ့ ကျင်းပမှာဖြစ်ပြီး ပထမအဆင့်က တက်ရောက်လာတဲ့ ၁၀ သင်းနဲ့ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အဲဒီ ၁၂ သင်းကို လေးသင်း သုံးအုပ်စုခွဲပြီး အုပ်စုတခုစီက ထိပ်ဆုံး တသင်းစီ၊ စုစုပေါင်း ၃ သင်း ခြေစစ်ပွဲ တတိယအဆင့် ကစားရမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ တတိယအဆင့်မှာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဆီဒင်သတ်မှတ်ချက် အမြင့်ဆုံးရထားတဲ့ သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ထိုင်းအသင်းတို့ ပါဝင်လာကာ ခြေစစ်ပွဲ ဒုတိယအဆင့် အောင်မြင်လာတဲ့ အသင်း ၃ သင်း စုစုပေါင်း ၈ သင်း ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အဲဒီထဲက ထိပ်ဆုံး ၂ သင်း ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မယ့် ခြေစစ်ပွဲပထမအဆင့် ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာ ၄ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံတော့ ရွေးချယ်ရခြင်း မရှိသေးပါဘူး။