Home
မြန်မာသတင်း
ပွင့်လင်းအစိုးရအဖွဲ့ဝင်ဖြစ်ရေး အကောင်အထည်ဖော်ရန် ရှိ၊ မရှိ ဝန်ကြီးဟောင်း မေးခွန်းထုတ်
နေဖြိုးဝင်း
·
August 2, 2018
အစိုးရ အကူးအပြောင်းမတိုင်ခင် ဖျက်သိမ်းခဲ့တဲ့ ပွင့်လင်းတဲ့ အစိုးရအဖွဲ့ဝင် ဖြစ်ရေးကိစ္စ ဆက်လက်အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိ၊ မရှိ သမ္မတရုံးဝန်ကြီးဟောင်းက ဒီကနေ့ လွှတ်တော်မှာ မေးမြန်းလိုက်ပါတယ်။ သြဂုတ် ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ယခင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ် လက်ရှိ ကယားပြည်နယ် မဲဆန္ဒနယ်က ဦးစိုးသိန်းက မေးမြန်းလိုက်တာပါ။ ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(Open Government Partnership) ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီကို ယခင်အစိုးရက လက်ရှိအစိုးရထံကို အာဏာမလွှဲပြောင်းခင် ၂၀၁၆ မတ်လ ၂၉ ရက်နေ့က ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ "ဒါပေမယ့် အခုအစိုးရက ဒါလေးတွေကို ဆက်လုပ်မယ်ဆိုရင် ဒီလုပ်ငန်းစဉ်ကတော့ ရှည်တယ်ဗျ။ ဒါပေမယ့် ဘာဖြစ်လည်းဆို political will ပေါ့ ငါတို့ လာဘ်မစားဘူး။ ငါတို့ ပွင့်လင်းတဲ့အစိုးရဖြစ်အောင်လုပ်မယ်ဆိုတဲ့ will ရမယ်ဆိုရင် လက်ရှိအစိုးရရဲ့ Image က ခုန်တက်သွားနိုင်တယ်။ ဒါကြောင့် ကျနော်က လုပ်ပါ့လား၊ လုပ်မလားလို့ မေးတာဖြစ်ပါတယ်" လို့ ဦးစိုးသိန်းက ပြောပါတယ်။ ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(Open Government Partnership)ဖြစ်ဖို့ ကိုက်ညီရမယ့် စံသတ်မှတ်ချက်တွေထဲမှာ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုရှိဖို့၊ သတင်းအချက်အလက် ပေးနိုင်ဖို့၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှု၊ ၀င်ငွေကို ပြည်သူတွေကို အသိပေးဖို့နဲ့ ပြည်သူတွေ ပါဝင်ခွင့်ရဖို့ တို့ ပါဝင်ပါတယ်။ "အဲဒီတော့ လန့်စရာမလိုဘူး။ အရင်တုန်းက ပိုင်တာကို ပြောတာမဟုတ်ဘူး။ ဝန်ကြီး မလုပ်ခင်၊ လွှတ်တော်အမတ် မလုပ်ခင် ဘယ်လောက်ပိုင်လဲ၊ အခု လွှတ်တော်အမတ်က ဆင်းသွားရင် ဘယ်လောက် ခြားနားသွာဲး။ ဒါ ပြည်သူက သိရမယ်လေ။ ဒါဆိုရင် အဂတိ လိုက်စားမှု ဖြစ်သွားလဲဆိုတာ ပြည်သူကို အသိပေးတာပေါ့ " လို့ ဦးစိုးသိန်းက ပြောပါတယ်။ လက်ရှိအစိုးရအနေနဲ့ မြန်မာနိုင်ငံဟာ OGP အဖွဲ့ဝင် မဟုတ်ပေမယ့် OGP စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေ တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဖျက်သိမ်းပြီးသားကိစ္စဖြစ်လို့ OGP အဖွဲ့ဝင်ဖြစ်ရေး ဆက်လက်ဆောင်ရွက်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။ "ပယ်ဖျက်တာ၊ ဖျက်သိမ်းတာ၊ ပျက်ပြယ်တာမရှိတဲ့ ကိစ္စတွေကို ဆက်လက်ဆောင်ရွက် သင့်က ဆောင်ရွက်နိုင် ပါတယ်။ ပယ်ဖျက်ပြီး၊ ဖျက်သိမ်းပြီး၊ ပျက်ပြယ်ပြီးဖြစ်တဲ့ ကိစ္စရပ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ အစီအစဉ် မပါဘူး " လို့ ဒုဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ တိုးတက်မှုအဖွဲ့ (Organization of Economic Cooperation and Development-OECD)ရဲ့ ကမ်းလှမ်းချက် အရ အဖွဲ့ဝင်ဖြစ်ရေးအတွက် စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ OGP အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် OECD ရဲ့ လေ့လာတွေ့ရှိချက်ကို မူတည်ပြီး အလုပ်ရုံဆွေးနွေးပွဲ ရလဒ်တွေ၊ ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီရဲ့ သုံးသပ်ချက်တွေအရ OGP စံသတ်မှတ်ချက်တွေနဲ့ မပြည့်သေးတာကို တွေ့ခဲ့ရပြီး အစိုးရအကူးအပြောင်း အာဏာမလွှဲခင်မှာ အရင်အစိုးရက ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီကို ဖျက်သိမ်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024