လမ်းဘေးခွေးတကောင်ကို ကယ်တင်ရန် ညွှန်ကြားသည့် ထိုင်းဝန်ကြီးချုပ် (ရုပ်သံ)

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း လယောင်းခရိုင်ထဲမှာ စွန့်ပစ်ခံရတဲ့ ခွေးတကောင်ကို ကယ်တင်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အနုဖုန်းဖောင်ကျင်းဒါးကို မှာကြားခဲ့ပါတယ်။ ခုရက်ပိုင်းအတွင်း လယောင်းမြို့နယ်ရှိ လမ်းပေါ်မှာ ၃ ရက်လောက် ယောင်လည်လည်ဖြစ်နေတဲ့ ခွေးကလေး ၁ ကောင်ရဲ့ ဗွီဒီယိုကလစ်တခု လူမှုကွန်ရက်မှာ ပြန့်နေပြီး ဝန်ကြီးချုပ်က အဲဒီဗွီဒီယိုကို တွေ့မြင်တဲ့အခါ အဲဒီခွေးလေးကို ကယ်တင်ဖို့ ဗွီဒီယိုဖိုင်နဲ့အတူ ပြည်ထဲရေးဝန်ကြီးဆီ ပေးပို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က သူဟာ အဲဒီဗွီဒီယိုထဲက ခွေးကို သနားမိတယ်၊ သူ့အိမ်မှာလည်း ခွေး လေးငါးကောင် ရှိပြီးသားမို့ ထပ်မွေးဖို့ မနိုင်တော့လို့ ပြည်ထဲရေးဝန်ကြီးကို လှမ်းမှာလိုက်တာလို့  မနေ့ကကျင်းပတဲ့ ဝန်ကြီးများအစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဝန်ကြီးများအစည်းအဝေးမှာ ဝန်ကြီးချုပ်က လမ်းဘေး ခွေးလေခွေးလွင့်ပြဿနာ ဖြေရှင်းဖို့လည်း ပြောဆိုခဲ့ပါသေးတယ်။ ပြည်ထဲရေးဝန်ကြီးက ခွေးကို ကယ်တင်ဖို့ စုံစမ်းလိုက်တဲ့အခါ အဲဒီခွေးဟာ ပိုင်ရှင်က တခြားကို ပြောင်းသွားတဲ့အတွက် ယောင်လည်လည်နဲ့ ကျန်ခဲ့တာလို့ သိရကြောင်း၊ သွားခေါ်ဖို့ ပြင်တဲ့အခါမှာ လယောင်းမြို့နယ် တိရစ္ဆာန်ချစ်သူများအဖွဲ့က လာရောက်ခေါ်ယူ မွေးစားသွားပြီလို့ သိရကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး တချို့က ကြင်နာသနားစိတ်ရှိတဲ့ ဝန်ကြီးကို ချီးမွမ်းသလို တချို့က တနိုင်ငံလုံးမှာရှိတဲ့ ခွေးလေခွေးလွင့်တွေ ရှင်းလင်းပေးဖို့လည်း ပြောပါတယ်။ တချို့ကလည်း ခွေးထက်အရေးကြီးတဲ့ အလုပ်တွေ မရှိတော့ဘူးလား၊ နိုင်ငံထဲက ဆင်းရဲသားတွေ မလောက်မင နေထိုင်စားသောက်နေရတာရော သိရဲ့လား၊ တော်တော်ကြီးကျယ်တဲ့ အလုပ်ပါလား ဆိုပြီး ခနဲ့ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ကိုးကား - TNAMCOT TV News

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up