Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
August 2, 2018
ဒီတပတ်ရဲ့ ဒီဗွီဘီရဲ့ Movie Crazy - DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ်ရုပ်ရှင်ကားတကားပါ။ The Spy Who Dumped Me လို့ အမည်ရပါတယ်။ ဒီရုပ်ရှင်ကားကတော့ Action Comedy Spy အမျိုးအစား ရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်မယ့် ဇာတ်ကားတကားဖြစ်ပြီး အမေရိကန်အမျိုးသမီး ဒါရိုက်တာတယောက်ဖြစ်တဲ့ Susanna Fogel က သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး သူကိုယ်တိုင် ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Audrey နဲ့ Morgan တို့ဟာ Los Angeles မြို့က အသက် ၃၀ အရွယ် အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတယ်။ တရက်မှာတော့ Audrey ရဲ့ ရည်းစားဟောင်းက သူတို့ ဘဝထဲကို ပြန်ရောက်လာချိန်မှာ ရှုပ်ထွေးတဲ့ အခြေအနေတခုကို ကြုံတွေ့ရတယ်။ သူဟာ CIA Agent တယောက်ဖြစ်ပြီး လုပ်ကြံသူတစုနဲ့အတူ ရုတ်တရက် ပြန်ပေါ်လာချိန်မှာ အံ့အားသင့်ခဲ့ရပြီး မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ပါ ဒီအရှုပ်အထွေးထဲမှာ ပါဝင်ချိန်မှာ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲ ဆိုတာတွေကို အက်ရှင်ဒရာမာ ပြကွင်းပြကွက်တွေနဲ့အတူ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီးတွေဖြစ်တဲ့ Mila Kunis ၊ Kate McKinnon တို့နဲ့အတူ မင်းသား Justin Theroux တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ တိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ နာမည်ကြီး Disney Animated ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Christopher Robin အမည်ရတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကိုတော့ Disney ရဲ့ Winnie-the-Pooh ဇာတ်ကောင်တွေဖြစ်ကြတဲ့ Christopher Robin ၊ Evelyn ၊ Winnie the Pooh ၊ Tigger, Piglet စတဲ့ ဇာတ်ကောင်တွေနဲ့  အခြေတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Monster’s Ball, Quantum of Solace, World War Z စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဂျာမနီရုပ်ရှင်ဒါရိုက်တာ Marc Forster က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Winnie-the-Pooh ထဲက ကောင်လေး Christopher Robin ဟာ ဒီကားထဲမှာတော့ အရွယ်ရောက်နေခဲ့ပြီဖြစ်ပြီး မိသားစုနဲ့အတူ လန်ဒန်မှာ နေထိုင်တဲ့ စီးပွားရေးသမားတဦးအဖြစ် တွေ့မြင်ကြရမှာပါ။ ဒီအချိန်မှာတော့ သူ့ရဲ့ငယ်ဘဝကလို တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးဉာဏ်တွေလည်း ပျောက်နေခဲ့ပါတယ်။ အဲဒီလိုအခြေအနေမှာ သူ့ရဲ့ဒဏ္ဍာရီထဲက ငယ်သူငယ်ချင်းတွေက မိသားစုဘဝ ပျော်ရွှင်မှုပြန်ရနိုင်ဖို့ ကူညီပေးကြတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင်  Christopher Robin နေရာမှာတော့ Scottish သား Ewan Mcgregor က ခေါင်းဆောင်ပါဝင်ထားပြီး သူ့ရဲ့ဇနီးဖြစ်တဲ့ Evelyn နေရာမှာတော့ British-American သရုပ်ဆောင်မင်းသမီး Hayley Atwell က ပါဝင်ထားခဲ့တာပါ။ ဒီကားထဲမှာ Animated Character တွေလည်း အများကြီး ပါနေတာမို့ အဲဒီနေရာမှာ အသံနဲ့ သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေလည်း ရှိနေပါသေးတယ်။ Winnie-the-Pooh နဲ့ Tigger နေရာမှာတော့ အမေရိကန်မင်းသား Jim Cummings က အသံနဲ့ သရုပ်ဆောင်ထားပြီး Piglet နေရာမှာတော့ British မင်းသား Nick Mohammed က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမပတ်အတွင်းမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃ သန်းရရှိနိုင်ဖို့ ခန့်မှန်းထားပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၁ သန်းထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ Comedy Drama ရုပ်ရှင်အမျိုးအစား နှစ်သက်တဲ့ ပရိသတ်တွေအတွက်ပါ။ Never Goin’ Back လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Augustine Frizzell က သူကိုယ်တိုင် ရေးပြီး ကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Jessie နဲ့ Angela တို့ နှစ်ယောက်ဟာ ကမ်းခြေကို ၁ ပတ်လောက် အနားယူ လည်ပတ်ဖို့ ထွက်လာကြတယ်။ အကြောင်းရင်းက သူတို့နေတဲ့အိမ်ကို ဓားပြတိုက်ခံရတယ်။ ငှားထားတဲ့ ရက်လည်း ကျော်နေပြီး အိမ်ကနေ နှင်ချခံရဖို့ အခြေအနေ ဖြစ်နေတယ်။ ဒီအချိန်မှာ အဲဒီပြဿနာတွေက လွတ်မြောက်ဖို့ ကမ်းခြေကို ဘာဖြစ်ဖြစ် ထွက်လာကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဟာသဒရာမာပုံစံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ Jessie နဲ့ Angela နေရာမှာတော့ Argentine-American သရုပ်ဆောင်မင်းသမီး Camila Morrone နဲ့ Australia အဆိုတော် သရုပ်ဆောင် မင်းသမီး Maia Mitchell တို့က အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ကနဦး ပြသခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုတွေလည်း ရရှိထားပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်သာရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ မြန်မာ ဟာသရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ မင်္ဂလာခုတင်လို့ အမည်ရပါတယ်။ ဒီကားကိုတော့ Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျေးလက်သဘာဝ အလှအပတွေ၊ အချစ်ဟာသရိုက်ချက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် မြင့်မြတ်နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိကသရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဂျင်းကောင်လို့ ပရိသတ်တွေက ချစ်စနိုး နာမည်ပေးထားတဲ့ မြင့်မြတ်ဟာ လတ်တလောမှာ ရုပ်ရှင်ကားကြီးတွေ ခပ်စိပ်စိပ် ထွက်ရှိနေတာဖြစ်ပြီး ဝတ်မှုန်ရွှေရည်ကလည်း ပရိသတ်အခိုင်အမာရှိပြီး ဖြစ်တာမို့ ဒီကားထဲမှာ သူတို့နှစ်ယောက် ဘယ်လို သရုပ်ဆောင်ထားကြမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်ကျော်ဗို၊ ခင်ဇာခြည်ကျော်၊ ခင်လှိုင်တို့နဲ့အတူ ဟာသသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကား Trailer ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့တည်းက Facebook ပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ The Darkest Minds လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမေရိကန်အမျိုးသမီး ဒါရိုက်တာ Jennifer Yuh Nelson က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး Science Fiction Thriller အမျိုးအစား ရုပ်ရှင်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ အနာဂတ်ကာလ အမေရိကန်နိုင်ငံကို အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီဇာတ်ကားထဲမှာ ထူးဆန်းတဲ့ IAAN Plague ရောဂါကြောင့် ကလေးတွေ တော်တော်များများ သေဆုံးခဲ့ကြပြီး မသေဘဲ အသက်ရှင်ကျန် လွတ်မြောက်လာတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေမှာတော့ ထူးဆန်းတဲ့စွမ်းအင် Power တွေ ရရှိလာခဲ့ကြတယ်။ အဲဒီ Power တွေထဲမှာ ဉာဏ်ရည် ထက်မြက်လာတာ၊ လျှပ်စစ်တွေကို ထိန်းချုပ်နိုင်တာ၊ စိတ်နဲ့ ထိန်းချုပ်ပြီး အရာဝတ္ထုတွေကို ရွှေ့နိုင်တာ၊ လူတွေကို စိတ်နဲ့ ထိန်းချုပ်နိုင်တာလို စွမ်းအင်တွေကြောင့် ဒါကို အစိုးရက ဝင်ရောက်ပြီးတော့ သုတ်သင်ဖို့ ကြိုးစားလာတယ်။ အဲဒီအချိန်မှာပဲ လွတ်မြောက်သွားခဲ့တဲ့ ကလေးတွေထဲက Ruby ဆိုတဲ့ ကောင်မလေးက တခြားကလေးတွေနဲ့ ပူးပေါင်းပြီး အစိုးရကို ပြန်တိုက်ခိုက်ကြဖို့ လုပ်ဆောင်လာကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို စွန့်စားခန်းဆန်ဆန် ရိုက်ချက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင် အသက် ၁၅ နှစ်အရွယ် Ruby နေရာမှာတော့ အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီး Amandla Stenberg က ပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Mandy Moore ၊ Bradley Whitford နဲ့ Gwendoline Christie တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေနဲ့ ဇာတ်ဝင်ခန်း Dialog တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး 20th Century Fox  ရုပ်ရှင်ကုမ္ပဏီက ဖြန့်ချိလိုက်တာဖြစ်ပြီး လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ဝင်ရောက်အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024