တောင်ကိုရီးယား ယူ-၁၉ အသင်းကို မြန်မာ ယူ-၂၃ အသင်း ၄ ဂိုး ၃ ဂိုးဖြင့်ရှုံး (ရုပ်သံ)

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲမှာ မြန်မာ ယူ-၂၃ အသင်းဟာ တောင်ကိုရီးယား ယူ-၁၉ အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ပွဲချိန် ပထမပိုင်းကတည်းက ကိုရီးယား ယူ-၁၉ အသင်းက ၃ ဂိုးသွင်းပြီး ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာ တဂိုးထပ်သွင်းခဲ့လို့ ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ မြန်မာ ယူ-၂၃ အတွက် ချေပဂိုးတွေကို ပွဲချိန် ၇၅ မိနစ်မှာ ဒွေးကိုကိုချစ်၊ ၈၅ မိနစ်မှာ မြတ်ကောင်းခန့်နဲ့ ပွဲပြီးကာနီး ၉၁ မိနစ်မှာ ရန်နိုင်ဦးတို့က သွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ အဓိကတိုက်စစ်မှူး အောင်သူကို ဒုတိယပိုင်းကျမှ အသုံးပြုခဲ့ပါတယ်။ မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် အန်တွမ်နီဟေးကတော့ ကိုရီးယားအသင်းကို ရှုံးခဲ့ပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်မှုအပေါ် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက ပွဲထွက်ကစားသမားစာရင်းမှာ အတွေ့အကြုံနည်းပါးတဲ့ လူငယ်တချို့ ပွဲထွက်စေခဲ့တာဟာ အာရှအားကစားပြိုင်ပွဲအတွက် ပြင်ဆင်ချင်တာကြောင့်ဖြစ်ပြီး နောက်လာမယ့်ပွဲတွေမှာ ကစားသမားအားလုံးကို အလှည့်ကျ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။ အခုပြိုင်ပွဲမှာ အသက် ၂၃ နှစ်ကျော် ကစားသမား ၃ ဦး အသုံးပြုခွင့်ပေးတာကြောင့် မြန်မာအသင်းက ဂိုးသမား ကျော်ဇင်ထက်၊ နောက်ခံလူ ဇော်မင်းထွန်းနဲ့ တိုက်စစ်မှူး ဒွေးကိုကိုချစ်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ကိုရီးယား ယူ-၁၉ နည်းပြကတော့ မြန်မာအသင်းဟာ ပြီးပြည့်စုံတဲ့အသင်း မဟုတ်သေးပေမယ့် ၃ ဂိုးပြန်သွင်းခဲ့တဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းကိုတော့ ချီးကျူး ပြောကြားခဲ့ပါတယ်။ မြန်မာ ယူ-၂၃ အသင်းဟာ Alpine Cup ပွဲစဉ်တွေအဖြစ် သြဂုတ် ၃ ရက်မှာ ဘာရိန်း ယူ-၂၃၊ သြဂုတ် ၅ ရက်မှာ ထိုင်း ယူ-၂၃ အသင်းတွေနဲ့ ဆက်ပြီး ကစားမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up