ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် RCSS/SSA လူသစ်စုဆောင်းနေဟု ရွာသားများပြော
DVB
·
August 1, 2018
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျင်းမြို့နယ်ထဲက ကျေးရွာအချို့မှာ RCSS/SSA က ဇူလိုင် အတွင်း တပ်သားသစ်လိုက်လံစုဆောင်းနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မိုင်းပုအွန်ကျေးရွာအုပ်စု နားအွန်၊ ကွန်းဆိုင်၊ ကျောက်ကျဉ်၊ ၀မ်ပျက်၊ ၀မ်ခုတ်၊ ၀မ်ကပ်၊ ၀မ်ကျန်၊ ၀မ်ပေါ၊ ကျိုင်းတောင်း ကျေးရွာတွေမှာ လိုက်လံပြီး လူသစ်စု ဆောင်းနေတာလို့ ဆိုပါတယ်။
မိုင်းပုအွန်ကျေးရွာသားတစ်ဦးက "အိမ်ခြေ ၁၀၀ ကျော်ရင် လူနှစ် ယောက်ပေးရတယ်။ အိမ်ခြေ ၁၀၀ အောက်တော့ တယောက်ဘဲ မသွားချင်လဲသွားရတယ်။ ရွာထဲမှာ မဲနှိုက်လို့ ပေါက်တဲ့အိမ်က သားတွေက သွားရတာ သားမရှိရင် အဖေကိုခေါ်သွားတယ်"လို့ ပြောပါတယ်။
လူသစ်လိုက်လံ စုဆောင်းတဲ့နေရာမှာ စစ်တပ်နဲ့ဝေးတဲ့ ကျေးရွာတွေမှာ အဓိက ကောက်ခံတာဖြစ်တယ်လို့လဲ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီးစိုင်းဦးကတော့ သူတို့အနေနဲ့ တပ်သားသစ် စုဆောင်းတာ မဟုတ်ကြောင်း ပြောပါတယ်။
“ကျနော်တို့ တပ်သားသစ် စုဆောင်းခြင်း မရှိပါဘူးဗျာ။ ကျနော်တို့ အဲဒီမှာက ဘယ်လိုလဲဆိုရင် မူးယစ်ဆေးစွဲနေတဲ့လူတွေကို မူးယစ်ဆေးဖြတ်ပေးတာတွေတော့ ရှိတယ်။ အသိပညာပေးတာတွေ၊ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေကို ခေါ်ယူပြီးတော့ ဖြတ်ပေးတာပေါ့နော်။”
ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် CSS/SSA အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ထိုး ထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
သတင်း - ကိုဇက်